Sunday, January 14, 2018

သားလေးအတွက်

Economic and Business 
ဘောဂဗေဒပညာရပ်နဲ့ စီးပွားရေးပညာရပ်ဟာ တချို့နေရာတွေမှာ တူကောင်းတူနိုင်နေပေမဲ့ တထပ်တည်း ထပ်တူလုံးဝမကျပါဘူး။ ခပ်ဆင်ဆင်တူချင်သလိုနဲ့ အတိမ်အနက်မတူပါဘူး။ ရှုပ်ထွေးရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုက ဘောဂဗေဒဆိုတဲ့ ပါဠိသက်စကားလုံးကလည်း အဓိကပါနေမယ် ထင်ပါတယ်။ ချမ်းသာကြွယ်ဝရေးနဲ့ စီးပွားရေးဆိုတာက ဆင်သလိုလို တူသလိုလို ဖြစ်နေတာလည်းပါတယ်။ ဘောဂဆိုရင် မောင်ဘောဂ၊ သူဌေးကြီးဦးဘောဂလို့ တန်းမြင်လို့ ဘောဂဆိုတာ ချမ်းသာကြွယ်ဝတယ်လို့ အလွယ်နားလည်မိပါတယ်။ (ဒီအလွယ်နားလည်မှုကြောင့် အလွဲနားလည်ကာ ကျင့်သုံးဆောင်ရွက်ခြင်းကြောင့် နိုင်ငံဆင်းရဲမွဲတေနေရတယ်လို့ ခံစားမိပါတယ်။) ဗေဒကတော့ ရှင်းပါတယ် ပညာရပ်၊ ဘာသာရပ်ပါ။ ထဲထဲဝင်ဝင်လေ့လာရင် ဘာသာရပ်နှစ်ခုရဲ့ ကွာခြားချက်တွေကို တွေ့မြင်လာမှာ ဖြစ်ပါတယ်။ 
(၁) ဘောဂဗေဒက ပင်စည်ဖြစ်ပြီး၊ စီးပွားရေးကတော့ ပင်စည်ကဖြာထွက်တဲ့ အကိုင်းအခက်ပဲဖြစ်ပါတယ်။ ပင်စည်တုတ်ပြီး အကိုင်းအခက်ဝေဆာနေတာ အကောင်းဆုံးပါပဲ။
(၂) ဘောဂဗေဒပညာရပ်က စီးပွားရေးမူဝါဒများ ချမှတ်ရန် လေ့လာသင်ယူခြင်းဖြစ်ပြီး၊ စီးပွားရေးပညာရပ်ကတော့ စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်အောင် ထူထောင်ဆောင်ရွက်နိုင်ရေးအတွက် လေ့လာသင်ယူခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် အီကောနောမစ် (ဝါ) ဘောဂဗေဒဘာသာရပ်ကို စီးပွားရေးမူဝါဒများ လေ့လာခြင်းပညာလို့ မြန်မာစာလုံးနဲ့ အပြည့်ဖလှယ်ချင်ပြီး၊ ဘိစနက်ကိုတော့ စီးပွားရေးလုပ်ငန်းများ လေ့လာသင်ယူခြင်းလို့ ဖလှယ်ချင်ပါတယ်။
(၃) နောက်ဒီဘာသာရပ်နှစ်ခုရဲ့ ကြီးကြီးမားမားကွာခြားချက်က အဆင့်ပဲဖြစ်ပါတယ်။ ဘောဂဗေဒက ပြည်သူ့ရေးရာဖြစ်ပြီး စီးပွားရေးကတော့ ပုဂလိက တစ်ဦး၊ လူတစ်စုအကျိုးကို ဦးတည်တာဖြစ်ပါတယ်။ မက်ခရိုအဆင့်နဲ့ မိုက်ခရိုအဆင့်လိုကွာပါတယ်။ တစ်ခုလုံးနဲ့ တစ်ခုတည်းကို လေ့လာခြင်းဆိုရင် မမှားပါဘူး။ အားလုံးကို ခြုံငုံကြည့်ခြင်းနဲ့ တစ်ခုတည်းကို အသေးစိတ်ကြည့်ခြင်းပဲဖြစ်ပါတယ်။ ပိုရှုပ်သွားတယ်ဆိုရင် ထပ်ရှင်းပါ့မယ်။ မက်ခရိုက နိုင်ငံတော်အဆင့်၊ တစ်နိုင်ငံလုံးရဲ့ အမျိုးသားအကျိုးစီးပွားဖြစ်ပြီး၊ မိုက်ခရိုက ပုဂလိကအဆင့် စီးပွားရေးလုပ်ငန်းအတွက်ပဲဖြစ်ပါတယ်။ ဒီအပြင် အများဝယ်ယူပိုင်ဆိုင်နိုင်သောလုပ်ငန်းများလည်း ပါဝင်ပါတယ်။ အကျုံးဝင်ပါတယ်။
(၄) ဘောဂဗေဒ (ဝါ) စီးပွားရေးမူဝါဒများ လေ့လာသင်ယူခြင်း ဘာသာရပ်က မက်ခရိုအဆင့် တစ်နိုင်ငံလုံးအကျိုးစီးပွားအတွက် လေ့လာသုံးသပ်ပြီး နိုင်ငံနဲ့သင့်လျော်ရာ မူဝါဒတွေချမှတ်ရေးဆွဲတာပဲဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းများ လေ့လာသင်ယူခြင်း ပညာရပ်ကတော့ လုပ်ငန်းတစ်ခု (ဝါ) လုပ်ငန်းစုတစ်ခုရဲ့ အကျိုးစီးပွားအတွက် လေ့လာသုံးသပ်ပြီး မိမိလုပ်ငန်း (သို့) မိမိတာဝန်ယူထားရသော လုပ်ငန်းအမြတ်အစွန်းရအောင် လက်တွေ့ အကောင်အထည်ဖေါ်ခြင်းပဲဖြစ်ပါတယ်။
(၅) စီးပွားရေးမူဝါဒများကို လေ့လာသူများ (ဝါ) ဘောဂဗေဒပညာရှင်များဟာ အများအားဖြင့် အစိုးရလုပ်ငန်းများ၊ နိုင်ငံတကာစီးပွားရေးအဖွဲ့အစည်းများ၊ စီမံကိန်းရေးဆွဲရေးလုပ်ငန်းများ၊ ကုလသမဂအဖွဲ့အစည်းများတွင် ဝင်ရောက်လုပ်ကိုင်နေရာရတက်ကြပါတယ်။ ကျနော်လေးစားသိကျွမ်းရင်းနှီးရတဲ့ ဘောဂဗေဒပညာရှင်များကတော့ ဆရာမြင့်၊ ဆရာခင်မောင်ညို (ဘောဂဗေဒ)၊ ဒေါက်စိုးနဲ့ အသင်အပြကောင်းတဲ့ ဆရာမဒေါ်သီတာမြင့်တို့ပဲဖြစ်ပါတယ်။ စီးပွားရေးပညာရပ်ကို လေ့လာသူများကတော့ အတော်များပါတယ်။ အောင်မြင်သူတွေလည်းများပါတယ်။ 
စီးပွားရေးပညာရှင်၊ လုပ်ငန်းပိုင်ရှင်၊ စီးပွားရေးလုပ်ငန်းများမှာ ရာထူးကြီးများရရှိထားသူများကတော့ အတော်များပါတယ်။ စီးပွားရေးသမားအရေအတွက်များများစားစား တွေ့နိုင်ထွက်ပေါ်နိုင်ပေမဲ့ စီးပွားရေးမူဝါဒရေးရာပညာရှင်ကတော့ နည်းပြီး ထွက်ပေါ်လာဖို့ အချိန်ယူရပါတယ်။ ရှားပါးပါတယ်။ အချိန်တိုအတွင်း သင်ယူတက်မြောက်ကျွမ်းကျင်ဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။
(၆) နောက်ထပ်အလွယ် အမှတ်အမှားတစ်ခုကတော့ အစိုးရစီးပွားရေးလုပ်တယ် ဆိုတာပဲဖြစ်ပါတယ်။ ဒီနေရာမှာ စီးပွားရေးဆိုတဲ့ စကားကို စီးပွားရေးအမြင်ဖြင့်ကြည့်တဲ့အခါ အရှုံး၊ အမြတ်ဖြစ်လာပါတယ်။ လုပ်ငန်းရှင်တွေကတော့ စီးပွားရေးသမားမို့ စီးပွားရေးဆန်ခြင်းနဲ့ အကျိုးအမြတ်ကြည့်တာ မဆန်းပါဘူး။ မြန်မာစကားလုံးမှာ စီးပွားရေးဆိုရင် လူတိုင်း အရှုံးအမြတ်ကိုတန်းမြင်တက်ပါတယ်။ အင်္ဂလိပ်စာ The Business of the Business is Business ဆိုတဲ့နေရာမှာ (က) စီးပွားရေး (ခ) လုပ်တယ်ဆိုတာ (ဂ) မြတ်ဖို့ဖြစ်တယ်လို့ဆိုပါတယ်။ ဒီနေရာမှာ Business ဆိုတဲ့စာလုံးတစ်လုံးရဲ့ အဓိပါယ်က သုံးမျိုးအထိ ရှိနေတာပါပဲ။ ဒါကြောင့် ဒီနေရာမှာ (က) အစိုးရ စီးပွားရေးလုပ်တယ်။ (ခ) အစိုးရ လုပ်တက်ကိုင်တက်ရမယ်။ (ဂ) အစိုးရ အမြတ်ရအောင်လုပ်တယ်။ ဆိုတဲ့ သုံးခုအနက် (ခ) ဖြစ်တဲ့ လုပ်တက်ကိုင်တက်ဆိုတဲ့အဓိပါယ်ကိုသာ ယူစေချင်ပါတယ်။ အစိုးရတရပ်ဟာ စီးပွားရေးမူဝါဒများကိုသာ ရေးဆွဲချမှတ်ရမဲ့ တာဝန်သာယူစေချင်ပါတယ်။ အစိုးရစီးပွားရေးလုပ်ရင် ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်ခေတ် ပြန်ရောက်သွားပါမယ်။ ဈေးကွက်ဗဟိုပြုစနစ်မှာ အစိုးရဟာ ပြည်တွင်းလုပ်ငန်းတွေနဲ့ ယှဉ်ပြိုင်ပြီး အရှုံး၊ အမြတ်ရှေ့တန်းတင်စရာမရှိဘူးလို့ မြင်ပါတယ်။ ပုဂလိကနဲ့ အစိုးရ ယှဉ်ပြိုင်ဖို့ဆိုတာ လက်ရည်မမျှပါဘူး။ (အစိုးရက စီးပွားရေးလုပ်ပြီး မြတ်ချင်နေတာ ဘယ်စာအုပ်မှာမှ ရှာမရပါ။ အစိုးရက ပြည်တွင်းပုဂလိလုပ်ငန်းများကို ယှဉ်ပြိုင်ပြီး အနိုင်ယူချင်တာ စဉ်းစားမရပါ။) အစိုးရလုပ်တက်ကိုင်တက်ခြင်းရှိ၊ မရှိဆိုတာကို ပြည်တွင်းလုပ်ငန်းများ အစဉ်ပြေချောမွေ မြန်ဆန်လွယ်ကူစွာ ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိနဲ့၊ ပြည်တွင်းလုပ်ငန်းများ ယှဉ်ပြိုင်နိုင်စွမ်းရှိ၊ မရှိတို့နဲ့သာ တိုင်းတာရမှာဖြစ်ပြီး၊ ငွေကြေးအရှုံးအမြတ်နဲ့ တိုင်းတာရမှာ မဟုတ်ပါဘူး။ ပြိုင်ဖက်က အခြားနိုင်ငံများနဲ့ ယှဉ်ပြိုင်နိုင်စွမ်း၊ မိမိတို့ ပြည်တွင်း လုပ်ငန်းများလုပ်ကိုင်နိုင်စွမ်း အဆင့်မြင့်မားဖို့ပဲဖြစ်ပါတယ်။
(၇) စီးပွားရေးမူဝါဒများက ငွေကြေးအရှုံးအမြတ်ထက် လုပ်ငန်းရှင်များလုပ်ဆောင်ရာမှာ လွယ်ကူချောမွေ့ရေး၊ ပြည်သူပြည်သားများ အစဉ်ပြေချောင်လည်ရေးကိုပဲ ဦးတည်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ အစိုးရအနေနဲ့ လိုအပ်ရင် အရှုံးခံရပါမယ်။ ရှုံးရခြင်း အဓိက အကြောင်းအရင်းကတော့ ပုဂလိက မလုပ်ချင်၊ ပုဂလိကမပေးသင့်တဲ့နေရာတွေကို ဝင်ရောက်လုပ်ကိုင်ခြင်းတို့ကြောင့်ဖြစ်ပါတယ်။ ထို့အပြင် လိုအပ်သော အရင်းအနှီးစိုက်ထုတ်ခြင်း၊ အားပေးသင့်သည့်လုပ်ငန်းများကို အားပေးထောက်ပံ့ခြင်းများဆောင်ရွက်ရခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ အစိုးရအရှုံးခံ ဆောင်ရွက်တာ မထူးဆန်းပါဘူး။
(၈) စီးပွားရေးမူဝါဒများကြောင့်ရလဒ်သည် နိုင်ငံအဝှမ်းအထိ ကျယ်ပြန့်ပြီး သက်ရောက်မှုအတွက် အချိန်ယူရပါတယ်။ စီးပွားရေးလုပ်ငန်းများကတော့ လုပ်ငန်းတစ်ခု (သို့) လုပ်ငန်းစုတစ်ခုအတွက်သာဖြစ်ပြီး စီးပွားရေးမူဝါဒများနဲ့ နှိုင်းယှဉ်ရင် အချိန်ယူစရာသိပ်မလိုသလို သက်ရောက်မှုကလည်း နည်းပါတယ်။ 
(၉) ဘာသာရပ်နှစ်ခုစလုံးမှာ တူတာတစ်ချို့က မိမိတို့ လုပ်ငန်းများ ယှဉ်ပြိုင်နိုင်စွမ်းရှိရေးနဲ့ လုပ်ငန်းများ လုပ်ဆောင်ရာမှာ လွယ်ကူအစဉ်ပြေစေရေးတို့ကို ဦးတည်ကြခြင်းပဲ ဖြစ်ပါတယ်။ မူဝါဒပညာရှင်၊ မူဝါဒသမားတွေကတော့ ပဲ့ကိုင်ရှင်၊ ဇာခန်းစီးနောက်ကွယ်က ကြိုးကိုင်ရှင်များဖြစ်ကြပါတယ်။ စီးပွားရေးသမားတွေကတော့ လုပ်ငန်းကြီးရင် နောက်ကွယ်ကဆောင်ရွက်ပြီး၊ လုပ်ငန်းသေးငယ်ရင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်တက်ကြပါတယ်။ 
(၁၀) နိဂုံးချုပ်အနေနဲ့ အစိုးရစီးပွားရေးလုပ်တယ်ဆိုတာ နိုင်ငံတွင်းလုပ်ငန်းများ ယှဉ်ပြိုင်နိုင်စွမ်းရှိရေးနဲ့ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရာမှာ အစဉ်ပြေချောမွေ့ရေးကို ဦးစားပေးရမှာဖြစ်ပါတယ်။ အမြတ်ရရှိဖို့မဟုတ်ပါဘူး။ အစိုးရက ပုဂလိကလုပ်ငန်းများနဲ့ ယှဉ်ပြိုင်အနိုင်ရတယ်ဆိုတာကလည်း ဂုဏ်ယူစရာမဟုတ်သလို ဖြစ်သင့်တဲ့အရာလည်းမဟုတ်ပါဘူး။
(၁၁) ကောက်နှုတ်ချက်အနေနဲ့ စီးပွားရေးပညာရပ် မသင်ဘူးသူကို လုပ်ငန်းတစ်ခု ဦးစီးခိုင်းတာ စွန့်စားလွန်းရာကျပါတယ်။ ပြိုင်ဆိုင်မှုများလေ အရှုံးနဲ့ ရင်ဆိုင်ရဖို့များလေဖြစ်ပါတယ်။ ဒီထက်ဆိုးတာက လုပ်ငန်းတစ်ခုကို မတည်ထောင်ဘူး၊ လုပ်ငန်းတစ်ခုမှာ အဆင့်မြင့်ရာထူးတာဝန်မယူဘူးသောသူများ ဘောဂဗေဒအကြောင်း၊ စီးပွားရေးမူဝါဒတွေအကြောင်းဆွေးနွေးနေရင် အလွန်ဂရုစိုက်ပါ။ အနရာယ်ရှိပါတယ်။ အလောင်းအစားမှာ အရော်အစားကြီးပါတယ်။ ဦအောင် (အောင်သမာဓိ) စကားယူသုံးရရင် သုံးလို့မကုန်၊ မှားလို့ကုန်ပါမယ်။ ပညာရပ်ကို မသင်ဘူး၊ (ယခုမှ လေ့လာနေသူများအပါအဝင်) တာဝန်ကြီးကြီးနေရာမယူဘူးသူများကို စီးပွားရေးမူဝါဒများ ဦးစီးအကောင်ထည်ဖေါ်ခိုင်း၊ ချမှတ်ခိုင်းမည်ဆိုရင် ဆိုဖွယ်ရာမရှိ။ ဆိုးဖွယ်ရာအတိဖြစ်မည်မှာ ဗေဒင်မေး ဆန်ကုန်၊ ငွေကုန်၊ အချိန်ကုန်ပါမည်။ မြေကြီးလက်ခတ်မလွဲ ဆိုးကျိုးများသာ နောက်ဆက်တွဲ ဖြစ်ပေါ်လာပါမည်။ စီးပွားရေးသမားမှားရင် မိသားတစ်စု၊ ဝန်ထမ်းတစ်စု အိပ်ကပ်ပါးမယ်။ ဗိုက်မှောက်နေရပါမယ်။ စီးပွားရေးမူဝါဒမှားရင် တနိုင်ငံလုံး ကြိုးစားသလောက် အရာမထင်နိုင်သလို အလိုလိုနေရင်း အိပ်ကပ်ထဲကငွေ၊ ဘဏ်ထဲကငွေ၊ ပိုင်ဆိုင်တဲ့အရာတွေ တန်ဖိုးနည်းသွားနိုင်ပါတယ်။ 
(၁၂) စက်ဘီးမစီးတက်သူကို ကား မမောင်းခိုင်းပါနဲ့။ ကရိန်းကားဆိုပိုဆိုးပါမယ်။ ယာဉ်မောင်း လိုင်စင်ရပြီးမှသာ မောင်းခွင့်ပေးကြဖို့ မေတာရပ်ပါတယ်။ စက်ဘီးမှောက်ရင် တစ်ယောက်၊ နှစ်ယောက်၊ ကားမတော်တဆဖြစ်ရင်.....မလွယ်ပါ။
(၁၃) ကားမမောင်းတက်သူကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချမှတ်ခိုင်းမယ်ဆိုရင်တော့ လမ်းအသုံးပြုသူအားလုံး ကမောက်ကမတွေဖြစ်နိုင်ပါတယ်။ နှောင့်နှေးခြင်း၊ အနရာယ်ဖြစ်ခြင်းတို့နဲ့ ကြုံရနိုင်ပါတယ်။ စီးပွားရေးမလုပ်တက်ရင် လုပ်ငန်းတစ်ခုသာ ထိခိုက်နစ်နာမှာဖြစ်ပြီး၊ စီးပွားရေးမူဝါဒမကောင်းရင်တော့ဖြင့် တစ်နိုင်ငံလုံး လှည်းနေလှေအောင်းမြင်းဆောင်းမကျန် ကျွမ်းပြန်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီပြသနာကို အမြန်ဖြေရှင်းဖို့ လူမှန်၊ နေရာမှန်ဖြစ်မှသာ စိတ်အေးရမှာဖြစ်ပါတယ်။ ၂၀၁၈ မှာ မှန်မှ ၁၉၊ ၂၀ တန်ကာကျပါမယ်လို့ ပြောတဲ့ ဆရာဒေါက်တာအောင်ကျော့် စကားလဲ သတိရမိပါတယ်။
(၁၄) အဖေတစ်ယောက်အနေနဲ့ သားကိုဘောဂဗေဒပညာရပ်ကို လေ့လာသင်ယူစေချင်ပြီး စီးပွားရေးမူဝါဒကျွမ်းကျင်သူပညာရှင်ဖြစ်စေချင်တယ်။ (သားလေးအတွက်ရေးတဲ့ အဖေ့စာ)
(၁၅) နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံဒီထက်ပိုကောင်းဖို့ စီးပွားရေးမူဝါဒပညာရှင်များကို ပိုမို နေရာရစေချင်ပါတယ်။ အဓိပါယ်ရှိရှိ ပါဝင်ခွင့်၊ ဆောင်ရွက်ခွင့်ရပါစေလို့ ဆနပြုပါတယ်။
(နိုင်ငံသားတစ်ယောက်ပေးတဲ့စာ)
သယ်ရင်း ရိုးတူး ကျေးဇူးပါ။