ဒို့လူလေးများ ဆိုသလေ
ခေါင်းညိတ်ဖို့လောက်၊
လက်ညှိုးထောင်ဖို့လောက်၊
လဖက်သုတ်စားကောင်းအောင်လောက်၊
လူများအောင်၊
ပွဲစည်အောင်၊
ပွဲဆူအောင်လောက်၊
ငါ့ကို လာမခေါ်နဲ့။
ဝေလေလေ ငါမအော်နိုင်ဘူး။
နေရာရဖို့၊
နေရာချောင်လို့။
ဂွင်ဖန်ဖို့၊
အစားချောင်လို့၊
အနေချောင်လို့၊
လုပ်စားရအောင်၊
ဟန်ပြသက်သက်၊
လူလုံးပြအောင်၊
ရုပ်ပြရေးအောင်၊
ဖျာဝင်မခင်းဘူး။
အသံမချောင်ဘူး။
အသံကြားတိုင်း၊
လူတကာပြောတိုင်း၊
ငါသိ၊ ငါတက်၊ ငါဝင်မပါဘူး။
ဒါပေမဲ့
နိုင်ငံကောင်းဖို့၊
ဘာသာကောင်းဖို့၊
သာသနာတည်ဖို့၊
လူမျိုးကောင်းဖို့၊
ငါ အုပ်တစ်ချပ်၊
သဲတစ်ပွင့်၊
ရေတစ်စက်၊
ချွေးတစ်ပေါက်၊
ကျောက်ကောင်းတစ်စေ့။
ဘိလပ်မြေမှုန့်လေးတော့
ငါပါချင်တယ်။
ဒို့လူလေးများ ဆိုသလေ။
ဝေလေလေ၊
ဝေလေလေ။
ဒို့လူလေးများ ဆိုသလေ။
ဝေလေလေ၊
ဝေလေလေ။
No comments:
Post a Comment