ပခ်မလယန်းအကျိုးဆက်
ဂရိပန်းပုဆရာကြီးပခ်မလယန်း “Pygmalion” က အချိုးအစားပြေပြစ်တဲ့ ပန်းပုသူဇာရုပ်တုကို ထုလုပ်ခဲ့ပြီး ကိုယ့်ရဲ့လက်ရာအပေါ် အရူးအမူးဖြစ်ခဲ့တယ်။ နတ်ဘုရားတွေကို အကြိမ်ကြိမ်တိုင်တည် ဆုတောင်းနေလို့ နောက်ဆုံးအလှနတ်သမီး အပရိုဒိုက် (Aphrodite) က ပန်းပုရုပ်တုကို အသက်သွင်း ရှင်သန်စေပြီး ပန်းပုသူဇာနဲ့ ပန်းပုဆရာကြီး ဇာတ်ပေါင်း သွားခဲ့တယ်။
ကြီးမားတဲ့ မျှော်လင့်ချက်ကနေ မထင်မှတ်ထားတဲ့ သက်မဲ့ပန်းပုရုပ်တုကနေ သက်ရှိလူသားအဖြစ်ပြောင်းလဲသွားခဲ့တဲ့ဖြစ်ရပ်။
နောက်နှစ်ပေါင်း နှစ်ထောင်ခန့်မှာတော့ ပြဇာတ်ဆရာကြီးဘားနတ်ရှောက ပန်းပုဆရာကြီးရဲ ဇာတ်ထုပ်ကိုအခြေခံပြီး “Pygmalion” ပြဇာတ်ကို ဖန်တီးခဲ့တယ်။ ပြဇာတ်မှာ ဇာတ်ကောင် ဘာသာဗေဒပညာရှင် ပရော်ဖက်ဆာဆရာကြီးဟစ်ဂင်ဟာ ကျေးတောစရိုက်ဆန်ဆန်ပြောဆိုတက်တဲ့ ပန်းသည်မလေးဒူလစ်တလ်ကို အပြောအဆိုယဉ်ကျေးသိမ်မွေ့ပြီး တကယ့်နန်းဆန် လူကုံတံ မိန်းမကောင်းအဖြစ် ပြောင်းလဲခဲ့ပုံကို ဖန်တီးခဲ့တယ်။ ပြဇာတ်ဟာ အချစ်၊ အလွမ်း အဆွေးတွေထက် စကားလုံးတွေ လေယူလေသိမ်းတွေနဲ့ အနုပညာ ပြောင်မြောက်စွာ လက်စွမ်းပြခဲ့ပါတယ်။ အရိုင်းစံပယ်ကို တော်ဝင်ပန်း နန်းသဇင် အဖြစ် ဖန်တီးပြောင်းလဲပေးခဲ့တဲ့ပြဇာတ်။ ဒီပြဇာတ်ကို “My Fair Lady” အမည်နဲ့ ရုပ်ရှင်အဖြစ်ဖန်တီးခဲ့ပါတယ်။ ဒီပြဇာတ်ကိုပဲ ထောင်တွင်းကနေ မြန်မာမှုပြုခဲ့တဲ့ ဆရာကြီးသခင်ဘသောင်းကတော့ ပန်းသာ မခါဥဆိုပြီး ဗမာဆန်ဆန်နာမည်ပေးခဲ့ပေမဲ့ အကြောင်းကြောင်းကြောင့် နောက်ဆုံးတော့ ပန်းသာမစာဥအဖြစ်နဲ့ ထွက်ရှိလာရပါတယ်။
ကြီးမားတဲ့ မျှော်လင့်ချက်က လူတစ်ဦး၊ တစ်ယောက်ရဲ့ စွမ်းဆောင်ရည်တွေကို မြင့်မားလာစေတက်တာကို Pygmalion Effect လို့ခေါ်ကြတယ်။ (The Pygmalion effect, or Rosenthal effect, is the phenomenon whereby higher expectations lead to an increase in performance.)
ကြီးမားတဲ့မျှော်လင့်ချက်တွေက လူတွေရဲ့ စွမ်းဆောင်ရည်ကို ပိုမိုတိုးတက်ကောင်းမွန်စေတက်တယ်ဆိုတဲ့အယူအဆနဲ့ ဒီအယူအဆကဘဝတွေကို ပြောင်းလဲသွားစေနိုင်တဲ့စွမ်းရည်ရှိတယ်ဆိုတာ ဂရုပြုမိတဲ့သူ အသုံးချတဲ့သူတွေ နည်းပါးလွန်းလှတယ်လို့ဆိုပါတယ်။ သက်ရောက်မှုတွေက ကောင်းမွန်တဲ့အပြုသဘောဆောင်တဲ့ရလဒ်တွေဖြစ်ပေါ်လာနိုင်သလို ဆိုးကျိုးတွေကိုလည်း သယ်ဆောင်လာနိုင်တက်ပါတယ်။ ပြင်းပြတဲ့ဒီဆန္ဒ သို့ ဆန္ဒာအဓိပတိကနောက်ဆက်တွဲတွေဖြစ်စေနိုင်ပါတယ်။ ဥပဒ်ဒဏ်ကြောင့် ဥပဒ်ရောက်ဆိုတာလည်းဖြစ်စေနိုင်ပါတယ်။ ဒီအပြင် တစ်ဦးတစ်ယောက်ရဲ့ အခြားလူတစ်ဦးအပေါ်ထင်မြင်ချက် မျှော်လင့်ချက်ဟာ ကြီးမားတဲ့သက်ရောက်မူတွေကို ဖြစ်စေနိုင်ပါသေးတယ်။ ဒါတွေဟာ ဒုနဲ့ဒေးနဲ့ရှိပြီး နိစ္စဓူဝကြုံတွေ့နေကြရပါတယ်။ ဥပမာ။ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့သူဟာ အခက်အခဲကို လွယ်ကူစွာ ဖြေရှင်းနိုင်ဖို့များသလို ခွေး ကြောက်တဲ့သူဟာ ညိုမြလုပ်နေလို့ ခွေးကိုက်ခံရဖို့ ပိုများနေတက်ပါတယ်။ ဒီနေရာမှာ လွှမ်းမိုးနိုင်တဲ့သူတွေ၊ သြဇာညောင်းတဲ့သူတွေရဲ့အခန်းက ပိုလို့ အရေးကြီးလာပါတယ်။ အထူးသဖြင့် ဆရာ၊ဆရာတွေရဲ့ ကျောင်းသူ၊ ကျောင်းသားတွေအပေါ်ထားရှိတဲ့ သဘောထားဟာလည်း အထူးအရေးကြီးလှပါတယ်။ ဆရာ၊ ဆရာမက ကျောင်းသားတစ်ယောက် မှတ်ချက်တွေ၊ ခန့်မှန်းပြောဆိုချက်တွေဟာ အထူးဂရုစိုက်ဖို့လိုပါတယ်။
ဒီပခ်မလ်လီယန်သက်ရောက်မှု့ကို (က) သင်ကြားခြင်း (ခ) စီမံခန့်ခွဲခြင်းနဲ့ (ဂ) နိုင်ငံရေး နယ်ပယ်တွေမှာ အသုံးချနိုင်မယ်လို့ထင်ပါတယ်။

No comments:
Post a Comment