Tuesday, August 4, 2015

Don't give a man a fish, teach him how to fish!

ကမ်းနေတဲ့
လက်တွေကို
ကူဖို့လိုတယ်။

ကူနေတဲ့
လက်တွေ
မြဲဖို့လိုတယ်။

လူကြီးတွေရဲ့ မိုက်မဲမှုတွေကို မီးမေါင်းမထိုးပြချင်ပေမဲ့။
လူငယ်တွေရဲ့ ပရဟိတစိတ်ဓါတ်ကို လေးစားမိတယ်။

နေရာတိုင်းလိုလိုမှာ ကမ်းနေတဲ့လက်တွေကို ကူဆွဲချင်နေတဲ့ လက်ပိုင်ရှင် လူငယ်တွေကို မြင်နေရတာ အရမ်းဝမ်းသာအားရမိတယ်။
ဒီပရဟိတစိတ်ဓါတ်တွေကို မြေတောင်မြှောက်ပေးဖို့ ထိန်းသိမ်းပေးဖို့လိုပါတယ်။
သူငယ်ချင်းတစ်ယောက်ပြောသလို စေတနာဟာ စည်းကမ်းမရှိရင် အားလျော့တက်တယ် ဆိုတဲ့ စကားလေးကို  အလေးအနက်စဉ်းစားမိတယ်။
ရေဘေးသင့်နေတဲ့သူတွေကိုလည်း လက်ပန်းမကျစေချင်ဘူး။
ရေဘေးသင့်နေတဲ့သူတွေကို လုပ်အားနဲ့ အချိန်အားနဲ့ ကူနေတဲ့သူတွေကိုလည်း လက်ပန်းမကျစေချင်ဘူး။
ရေဘေးသင့်တွေကို ငွေကြေးအရ လှူဒါန်းနေတဲ့သူတွေကိုလည်း လက်ပန်းမကျစေချင်ဘူး။

ဘေးသင့်တဲ့ ဒေသတွေကို ကူညီဆောင်ရွက်ရာမှာ အပိုင်း (၃) ပိုင်းရှိပါတယ်။
(၁) ဘေးအန္တရာယ်ကျရောက်ခြင်းမှ ကာကွယ်ခြင်း။
(၂) ဘေးအန္တရာယ်ကျရောက်နေချိန်ပြုစု စောင့်ရှောက်ခြင်း။
(၃) ပြန်လည်ထူထောင်ရေးတို့ဖြစ်ပါတယ်။

အခုဆောင်ရွက်နေသူတွေအနေနဲ့ သတင်းအချက်အလက်တွေပြည့်ပြည့်စုံစုံနဲ့ တဖွဲ့နဲ့တဖွဲ့ အချိတ်အဆက် မိမိဆောင်ရွက်နိုင်မယ်ဆိုရင် ပိုမိုထိရောက်အောင်မြင်နိုင်မယ် ဆိုတာ ပြော စရာ လိုမယ် မထင်ပါဘူး။

အခုလူငယ်တွေ ပရဟိတစိတ်အပြည့်နဲ့ မည်သူရဲ့ အတင်းအကျပ်စေခိုင်းခြင်းမဟုတ်ဘဲနဲ့ ငွေအလှူခံ၊ ရေဘေးသင့်ဒေသတွေကို သွားရောက်ကူညီနေတာဟာ မြန်မာ့စိတ်ရင်းတွေကို အထင်းသား တွေ့မြင်နေရပါတယ်။

ကောက်ခံနေတဲ့ အဖွဲ့တွေများလာတာနဲ့အမျှ
ကောက်ခံနေတဲ့ ရက်တွေများလာတာနဲ့အမျှ စည်းစနစ်တကျနဲ့ ထိထိရောက်ဖြစ်အောင် ဆောင်ရွက်နိုင်ဖို့ ကျနော်တို့တတွေမှာ တာဝန်ရှိလာပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုတာ ကျရောက်ခဲ့ပြီး ဖြစ်ပွားခဲ့ပြီးရင် တော်တော်နဲ့ နလန်ပြန် မထူနိုင် ပါဘူး။ နလန်ပြန်ထူဖို့ အချိန်ယူရမယ်။ လူအင်အား၊ ငွေအင်အားနဲ့ အင်တိုက်အားတိုက် တက်ညီလက်ညီ ဆောင်ရွက်ပြီး အနိုင်ယူရမှာဖြစ်ပါတယ်။

အခုလို ပရဟိတစိတ်ဓါတ်ရှိတဲ့ လူငယ်တွေကို ကျနော်တို့နိုင်သလောက် ၀န်ထမ်းပေးဖို့ တာဝန်ရှိပါတယ်။ ဥပမာ။ ။ ငွေရေး၊ ကြေးရေးနဲ့ ပတ်သတ်လို့ ဖြစ်နိုင်မယ်ဆိုရင် တစ်နာရီ တစ်ခါလောက် ကြေငြာပေးဖို့လိုပါမယ်။ ရရှိလာတဲ့ ငွေကြေးတွေကို ဘယ်လိုဘယ်ပုံ သုံးစွဲမယ် ဆိုတာ ရှင်းလင်းပြောကြားဖို့လိုပါမယ်။ မဟုတ်ရင် ဖလားထဲက နှိုက်သုံးတာမျိုးတွေ ပေါ်လာ နိုင်ပါတယ်။ အဖွဲ့ဝင်အချင်းချင်း စည်းကမ်းရှိရှိနဲ့ ယုံကြည်မှု့အပြည့်နဲ့ ဆောင်ရွက်နိုင်ဖို့ လို သလို အလှူရှင်တွေကိုလည်း ယုံကြည်မှု့အပြည့်ပေးနိုင်ဖို့လိုပါတယ်။ ဒါကြောင့် ပရဟိတ စိတ် အပြည့်ရှိတဲ့လူငယ်တွေ လက်ပန်းမသွားအောင် အရှိန်ပိုရလာအောင် သူတို့တတွေရဲ့ စွမ်းရည်ကို မြှင့်တင်ပေးနိုင်မယ်ဆိုရင် နတ်လူသာဓုခေါ်မဲ့ ကိစ္စဖြစ်မယ် လို့ထင် ပါတယ်။
ဒါကြောင့် ပရဟိတစိတ်ဓါတ်ရှိသူတွေကို အောက်ပါသင်တန်းများကို အခမဲ့လာရောက် သင်ယူနိုင်ပါတယ်လို့ လေးစားစွာဖိတ်ကြားအပ်ပါတယ်။

(၁) Project Management
(၂) Fund Raising
(၃) Social Marketing (or) Social Enterprise
(၄) Financial Control
(၅) Report Writing
(၇) Disaster Management
(၈) Counseling

ခေါင်းစဉ်တစ်ခုကို နှစ်ရက်နှူန်းနဲ့ သင်ကြားသွားမှာဖြစ်ပါတယ်။
လျောက်လွှာများကို ဒေါင်းလုဒ်လုပ်ပြီး ရယူနိုင်ပါတယ်။
ထောက်ခံပေးနိုင်တဲ့သူရှိရင် ပိုပြီး အစဉ်ပြေပါတယ်။
သင်တန်းတစ်ခုကို အယောက် ၃၀ သတ်မှတ်ထားပါတယ်။
တစ်ဦးကို ခေါင်းစဉ်တစ်ခု (သို့) နှစ်ခုအထိသာ ရွေးချယ်တက်ရောက်စေချင်ပါတယ်။

ပူးပေါင်းချင်တဲ့ အဖွဲ့များကိုလည်း ဖိတ်ခေါ်ပါတယ်။

No comments:

Post a Comment