Wednesday, March 23, 2016

အတိုချုပ်

အဆင့်မြင့်ပညာရေးအတွက် ကျောင်းမအပ်ခင် မေးလေ့ရှိတဲ့ မေးခွန်းတွေကတော့ (၁) မေးလေ့ရှိတဲ့ မေးခွန်း
(က) သင်တန်းကြေး၊
(ခ) သင်တန်းချိန်၊
(ဂ) ပို့ချသော သင်တန်းဆရာ၊ ဆရာမများအမည်
(ဃ) အလုပ်အကိုင်အခွင့်အလမ်းရှိ၊ မရှိတို့ကို အများဆုံး မေးမြန်းတက်ကြတယ်။ ထို့အပြင် (င) ကျောင်းကို လာရောက်လေ့လာကြည့်ရှု့တက်ကြသလို
(စ) ၀ဘ်ဆိုဒ်နဲ့ ဖေ့(စ)ဘုတ်၊ အီးမေးလ်တို့မှ တဆင့်လည်းကောင်း။
တက်ရောက်ဖူးတဲ့ (ဆ) ကျောင်းသားဟောင်းများနဲ့၊
(ဇ) ယုံကြည်လေးစားရတဲ့ ဆရာ၊ ဆရာမများမှတဆင့်လည်း မေးမြန်းစုံစမ်း အပ်နှံတက်ကြပါတယ်။

(၂) မေးသင့်တဲ့ မေးခွန်း
ကျောင်းအပ်နှံရာတွင် မေးသင့်သည် မေးခွန်းများကတော့
(က) ကျောင်းသားဖြစ်မည့်သူကို မေးမြန်းပါ။
(ခ) တက်ရောက်လေ့လာမည့် ကျောင်းနှင့် မိတ်ဖက်ကျောင်းကို မေးမြန်းပါ။
(ဂ) ထို့နောက် အောင်လက်မှတ်နှင့် နောက်ဆက်တွဲများအကြောင်းကို မေးမြန်းကြဖို့ပဲဖြစ်ပါတယ်။

(၃)ကျောင်းသားကို မေးပါ။
(က) တက်ရောက်သင်ယူမည့်သူသည် ဘာသာရပ်အပေါ် စိတ်ဝင်စားပါသလား။ အမှန်တကယ် ၀ါသနာပါသလား။
(ခ) ငွေကြေးတက်နိုင်ပါသလား။ ကုန်ကျစားရိတ်တွေကို ခေါင်းစဉ် အချိန်နဲ့တကွမေးမြန်းမှတ်သားထားပြီး ချင့်ချိန်နိုင်ဖို့ လိုပါတယ်။
(ဂ) ငွေကြေးတက်နိုင်ပေမဲ့ အချိန်ရှိပါသလား။ အချိန်ပေးနိုင်ပါသလား။

(၄) အပ်နှံမဲ့ ကျောင်းအကြောင်း
(က) ဖွဲ့စည်းမှတ်ပုံတင်ထားခြင်းရှိ မရှိ။
(ခ) ကျောင်းသက်တမ်းကို လေ့လာမေးမြန်းသင့်သည်။
(ဂ) ကျောင်းရဲ့ ဖေ့စဘုတ်မှပေ့ချကို လေ့လာသူများအနေနဲ့ လိုက်ခများ၊ ရှယ်များ၊ ကွန်မန့်များဆိုတာ ဝယ်ယူလို့ရသလို ဖန်တီးယူလို့ရတယ်ဆိုတာ သတိထားဖို့လိုပါတယ်။
(ဃ) သင်ကြားပို့ချပေးသော ဆရာ၊ ဆရာမများအကြောင်းနှင့် သင်ကြားပို့ချပေးသည့် နည်းစနစ်နှင့် နည်းလမ်းများ။ဆရာများကို နိုင်ငံခြားသားများကို အထင်ကြီးတက်သူများအတွက် နိုင်ငံခြားသားဖြစ်ရင်ပြီးရောများအတွက် သက်ဆိုင်ရာ လဝကများအနေနှင့် စိစစ်ကြပ်မတိပေးသင့်ပါသည်။
(င) ကျောင်း၏ အောင်ချက်ရာခိုင်နှူန်း။
(စ) ကျောင်းပတ်ဝန်းကျင်နှင့် ကျောင်းမှပံပိုးပေးသော ၀န်ဆောင်မှုများ။
စာကြည့်တိုက်၊ ကျောင်းပြင်ပလှုပ်ရှားမှုများ၊
(ဆ) ကျောင်းမူဝါဒ ပြန်အမ်းငွေ၊ နစ်နာမှုတိုင်ကြားခြင်းတို့ကိုမေးမြန်းစုံစမ်းရမှာ ဖြစ်ပါတယ်။

(၅) ချိတ်ဆက်ထားတဲ့ ကျောင်းအကြောင်း
(၅၊ က) အဆိုပါ ကျောင်းသည် မိတ်ဖက်တက္ကသိုလ်၏ အဆင့်အတန်းသတ်မှတ်ချက်နံပါတ်ကို ကြည့်ရှု့လေ့လာပြီး စုံစမ်းနိုင်ပါတယ်။ (ရှာဖွေရာမှာ သက်ဆိုင်သော ဘာသာရပ် အထူးပြုနဲ့သာ ရှာဖွေလေ့လာရမှာဖြစ်ပါတယ်။) စီးပွားရေးအထူးပြုဘာသာရပ်နဲ့ အင်ဂျင်နီယာဘာသာရပ်တို့ရဲ့ အဆင့်သတ်မှတ်ချက်တွေ ရောချလို့ မဖြစ်ပါဘူး။ မှတ်ချက်။ အဆင့်သုံးဆင့်ဖြင့် ရှာဖွေလေ့လာရမည်ဖြစ်ပါသည်။
(၁) အဖွဲ့အစည်းသည် တရားဝင် မှတ်ပုံတင်ဖွဲ့စည်းထားခြင်း ရှိရပါမည်။
(၂) တရားဝင် မှတ်ပုံတင်ဖွဲ့စည်းထားသော အဆိုပါအဖွဲ့အစည်းမှ သင်ကြားပို့ချသော ဘာသာရပ်နှင့် အောင်လက်မှတ်တို့ကို ပညာရေးအရည်အသွေးစိစစ်ရေးအဖွဲ့မှ အသိအမှတ်ပြုထားခြင်း ရှိရမည်။ စသည့်အချက်တို့ကို သေချာစွာ စစ်ဆေးရမည်ဖြစ်ပါသည်။ အင်္ဂလန်နိုင်ငံတစ်ခုတည်းမှာပင် နေရာဒေသပေါ်မူတည်၍ စိစစ်ဆေးအဖွဲ့ သုံးဖွဲ့ရှိပါတယ်။
(၃) တရားဝင် မှတ်ပုံတင်ဖွဲ့စည်းထားသော ပညာရေးအရည်အသွေးစိစစ်ရေးအဖွဲ့မှ အသိအမှတ်ပြုထားသော အဆိုပါ ဒီပလိုမာ၏ အဆင့်သတ်မှတ်ချက်ကို သိရှိအောင် ဆက်လက် လေ့လာရမည်ဖြစ်ပါတယ်။

(၅၊ ခ) နောက်ဆက်တွဲဆက်လက်မေးမြန်းသင့်သည်… မေးခွန်းများမှာ အဆိုပါ ဒီပလိုမာ အောင်လက်မှတ်ဖြင့်
(က) အခြား တက္ကသိုလ်များတွင် ဆက်လက်လေ့လာသင်ယူနိုင်ခွင့်ရှိ၊ မရှိ။
(ခ) ဘာသာရပ်များ ကင်းလွတ်ခွင့်ရှိ၊ မရှိ။

(၆) ကျောင်းပြီးသွားရင်
ကျောင်းများကို စုံစမ်းပြီးနောက် နောက်ဆက်တွဲအနေနှင့် ကျောင်းပြီးသွားသော ကျောင်းဆင်းများအတွက်
(က) အလုပ်အကိုင်အခွင့်အလမ်းများရှိ၊ မရှိ။

(၇) အနှစ်ချုပ်
အရေးအကြီးဆုံး အချက်သုံးချက်မှာ
ကျောင်း (ဝါ) ပုဂ္ဂလိကပညာရေးဝန်ဆောင်မှု့လုပ်ငန်းသည် ပြည်တွင်းတွင် တရားဝင်မှတ်ပုံတင်ထားခြင်းရှိရမည်။
အဆိုပါကျောင်း (ဝါ) ပုဂ္ဂလိကပညာရေးဝန်ဆောင်မှု့လုပ်ငန်း၏ မိတ်ဖက်သည် မိခင်နိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားခြင်းရှိရမည်။
သင်ကြားပို့ချနေသော ဘာသာရပ်၏ အောင်လက်မှတ်ကို အဆိုပါနိုင်ငံရှိ ပညာရေးကြီးကြပ်ရေးအဖွဲ့အစည်းမှ အသိအမှတ်ပြုခြင်းရှိရမည်။

(၈) ဝယ်သူသတိထားဆိုသလို ကျောင်းအပ်နှံမည့် ကျောင်းသားများ မိဘများအနေနှင့် ကျောင်း (၀ါ) ပညာရေးအဖွဲ့အစည်းကို သေချာစွာ လေ့လာမေးမြန်းစုံစမ်းသင့်ပါတယ်။ သို့မဟုတ်ပါက အချိန်ကုန် ငွေကုန်အပြင် နစ်နာမှုများကို ခါးစည်းခံကြရမှာဖြစ်ပါတယ်။ အရှက်တကွဲအကျိုးနည်းဖြစ်ရမည်။

(၈၊ ခ) မြန်မာနိုင်ငံ၏ ပညာရေးတွင် ဆရာ ဆရာမများ၏ အခန်းသည် အရေးကြီးပြီး သြဇာညောင်းသဖြင့် ဆရာ ဆရာမများအနေနှင့်လည်း စေတနာကို ရှေ့တန်းတင်ထားပြီး ယုံကြည်စွာ စေတနာအပြည့်ဖြင့် သင်ကြားခြင်း ဝေမျှခြင်းကို စီးပွားရေးသမားများအနေနှင့် ခုတုံးလုပ်တက်ကြသဖြင့် စိစစ်ပြီးမှ လက်ခံသင်ကြားသင့်ပါသည်။ နာမည်ပေးသုံးသင့်ပါသည်။

(၈၊ ဂ) သက်ဆိုင်ရာ သံရုံးများရှိ စီးပွားရေးသံ (၀ါ) သက်ဆိုင်ရာဌာနများမှလည်း အလျင်းသင့်သလို ချပြ အသိပေးအကြောင်းကြားကာ တာဝန်ယူဆောင်ရွက်သင့်ပါသည်။

(၈၊ ဃ) မီဒီယာများမှလည်း မီဒီယာကျင့်ဝတ်နှင်အညီ သက်ဆိုင်ရာ သတင်းများကို စုစည်းတင်ပြရမည်။ ကြော်ငြာမျက်နှာတစ်ခုတည်း မကြည့်သင့်ပါ။ နာမည်ပျက်ရှိသော အသင်းအဖွဲ့များကို နာမည်အသစ်ဖြင့် ပြန်လည် အသက်မသွင်းသင့်ပါ။ သတင်းရေးသားခြင်းနှင့် ကြေငြာရေးသားခြင်းတို့ကို ကွဲကွဲပြားပြားဆောင်ရွက် သယ်ပိုးသင့်ပါသည်။

(၉) ပညာရေးဥပဒေမပြီးသတ်သေးခင်၊ အဖွဲ့အစည်းများ အားမကောင်းသေးခင်၊ စားသုံးသူများ နားလည်မရင့်ကျက်သေးခင် ပုံစံမျိုးစုံဖြင့် ဝင်ရောက်လာမည့် လက်တလုံးခြားနှင့် ပြောင်လိမ်ပြောင်စား ပညာရေးဘန်းပြ ကိုယ်ကျိုးစီးပွားရှာနေသူများရန်ကို တာဝန်ရှိသူများရော တာဝန်သိသူများအနေနှင့်ပါ လက်တွဲညီညီ ကာကွယ်နိုင်ကြဖို့ တိုက်တွန်းရေးသားလိုက်ရပါသည်။

No comments:

Post a Comment