ငန်းသားသတ်စားနေသော ချာရာဏသီပြည်
ချာရာဏသီရဲ့ Regulator တွေဟာ Regulator များသာဖြစ်ခဲ့ကြတယ်။ ချာရာဏသီအစိုးရဌာန အထူးသဖြင့် Regulatory Department တွေ Regulatorတွေ အနေနဲ့ အများစုဟာ ပွင့်ပွင့်လင်းလင်းပြောရရင် အလုပ်မလုပ်ခဲ့ကြဘူး။ စာရွက်၊ အစည်းအဝေးနဲ့ စားပွဲပေါ်မှာသာ အချိန်ကုန်ဆုံး အချိန်ဖြုန်းနေတက်ကြတယ်။ ဟန်ဆောင် နာမည်ခံတွေများတယ်။ ကိုယ်နဲ့သက်ဆိုင်တဲ့ sector ကို ထိန်းချုပ်ဖို့ ကြိုးစားတယ်။ စာရွက်ကြီးအတိုင်းသွားတယ်။ လုပ်ရကိုင်ရ ခက်ခဲတယ်။ ကြိုးနီစနစ်ကို ကျင့်သုံးတယ်။ လမ်းကြောင်းဖေါက်နိုင်မှ အနေအစားချောင်တယ်။ Loophole တွေ။ ဟ ထားတာတွေ၊ ဂွင်တွေရှိတယ်။ လုပ်တက်မှ အသိရှိမှအောင်မြင်နိုင်တဲ့အခြေအနေကို မသိမသာ၊ သိသိသာသာဖွင့်ထားပေးပါတယ်။
Regulator တွေဟာ ရွှေဥ ဥသောငန်းကို ကြီးလာအောင် မျိုးပွားလာအောင် တိုးပွားလာအောင် မစဉ်းစားပဲ ရှိရင်းငန်းကို ကြပ်ပြီး သတ်စားဖို့ကြိုးစားနေခြင်းပဲဖြစ်ပါတယ်။ ငန်းပိုင်ရှင် (ဝါ) ငန်းထိန်းဟာ စောင့်ကြည့်ရမဲ့ ငန်းတွေများလာလေ သူ့ရဲ့ အရည်အချင်းဟာလည်း ပိုမိုတောက်ပြောင်လာမှာဖြစ်ပါတယ်။ အလုပ်ရှုတ်တယ်ဆိုပြီး ငန်းကို ကြိုးနဲ့တုပ် လှောင်ချိုင့်ထဲထည့် အစာမှန်မှန်ရေမှန်မှန်မတိုက်ရင် ဒီငန်းဟာ ကြီးထွားလာမှာ မဟုတ်သလို တခြားငန်းတွေနဲ့ မယှဉ်နိုင်ဖြစ်နေပါလိမ့်မယ်။ ထိန်းချုပ်ဖို့ ကြိုးစားလွန်းလို့ ရလဒ်တွေ ယုတ်လျော့သွားရတာဖြစ်ပါတယ်။
စားသုံးသူဗဟိုပြု စနစ်စစ်စစ်ကို ချာရာဏသီိပြည်မှာပဲ ပြည့်ပြည့်၀၀တွေမြင်ခံစားရနိုင်ပါတယ်။ ဝယ်သူကို အမှန်အကန် အခြေခံတဲ့ စနစ်ကို ကျင့်သုံးတယ်။
စားသုံးသူဟာ ခံရတဲ့ ဖက်ကကြီးပဲ။ ဝယ်သူခံ။ အ သူခံစနစ်ကို ကျင့်သုံးတယ်။
စားသုံးသူအခွင့်အရေးကလည်း အားယူဆဲ။
ကြော်ငြာတွေက လက်တလုံးခြား။
အင်တွေ အတုတွေက ပေါ်ပေါ်ထင်ထင်။
နာမည်ပြောင်း၊ လူပြောင်း လုပ်စားဂိုဏ်းတွေက အရှိန်အဟုန်နဲ့ ချာရာဏသီမှာ ကြီးစိုးနေတယ်။
ဥပဒေမကြီးစိုး၊ အဖွဲ့အစည်းတွေအားယူနေဆဲမှာ ငွေတမျက်နှာကြည့် တဘို့တည်းသမားတွေ စုမိဆောင်းမိပိုက်မိကြတယ်။ ငွေစုငွေချေးအမည်ခံ၊ စတော့အိပ်ချိန်းအမည်ခံ၊ Multi Level Marketing အမည်ခံ နိုင်ငံတကာလိုရှိတဲ့ ဝရမ်းပြေးကအစ ချာရာဏသီမှာ လုပ်စားနိုင်လောက်တဲ့အထိ စီးပွားဖြစ်ခဲ့တယ်။
ချာရာဏသီရဲ့ Regulator များသည် ထောက်ပံအားပေးမှု့မရှိခြင်း၊ အသုံးစားရိတ်အလုံအလောက် မရှိခြင်း၊ အကြောင်းကြောင်းကြောင့် အင်ပြည့်အားပြည့် မဆောင်ရွက်နိုင်ခဲ့ကြပဲ Regulator များသာဖြစ်ခဲ့ကြတယ်။ ချာရာဏသီရဲ့ စားသုံးသူများသာ စီးပွားပျက် အတိဒုက္ခရောက် မျက်ရည်ပင်လယ်ဝေခဲ့ရတယ်။ ချာရာဏသီမှာ ရိုးသားတဲ့သူတွေအတွက် နေရာမရှိ အကာအကွယ်မရှိပါ။
ပညာရေးဥပဒေမရှိသေးပေမဲ့ ပုဂ္ဂလိကတက္ကသိုလ်တွေရှိနေပါပြီ။ ကြော်ငြာနေပါပြီ။ ဒီပလိုမာအတုတွေကိုလည်း တရားဝင်လိုလို ပုံစံဖမ်းပြီး နေရာအနှံ့ကြော်ငြာအားကောင်းကောင်းနဲ့ ကြော်ငြာနေကြပါသေးတယ်။ အရက်ကို ရေလို့ သေးသေးလေးရေးထိုးရုံနဲ့ ဆိုင်းဘုတ်ထောင်ခွင့်ရှိပြီး လက်လီဆိုင်တွေမှာလည်း ခမ်းခမ်းနားနားပြင်ဆင်ဆင်ပြီး နေရာယူလို့ ရနိုင်ပါတယ်။ ည ဘယ်နှစ်နာရီကျော်ရင် အရက်ဘီယာ ရောင်းချခြင်းမပြုဆိုပြီး စာတန်းလေးတွေ ကပ်ထားပေမဲ့ အဲဒီအချိန်ရောက်ရင် အဲဒီအရာတွေကိုသာ အဓိကထားရောင်းချနေကြပါတယ်။ ချာရာဏသီရဲ့ Online Shopping မှာဆေး အစားအစာ အလှကုန်ရောင်းချတာ ဘယ်သူ့နဲ့မှ မဆိုင်ပါဘူး။ အလှကုန်ကြောင့် အလှကုန်ခဲ့တဲ့သူတွေကလည်း ကိုယ့်ဒေါသနဲ့ ကိုယ်ပါပဲ။ ဆေးစားမှားလို့၊ ဆေးတုတွေကြောင့်ဆိုတာလည်း ဘယ်သူမပြု မိမိမှု့ပါဘဲ။ Walki Talki တွေ ဥပဒေအရခွင့်မပြုထားဘူး။ ဒါပေမဲ့သုံးနေကြပါတယ်။ ကော်ဖီတွေ စစ်ဆေးနေတာ ခုထိမပြီးသေးပါဘူး။ဘာမှမဖြစ်ရင် ဘာမှမဖြစ်ပါဘူး။ ဖြစ်သွားရင် ခံသွားရသူတွေကတော့ ပွဲတိုင်းကျော် ဇာတ်လိုက်ကျော် စားသုံးသူတွေပါပဲ။ ချာရာဏသီသတင်းစာမှာကြေညာတယ်။ တွေ့ရှိကအရေးယူမယ်ဆိုပေမဲ့ မျက်စိကြီး နားကြီးတွေမဟုတ်ဘဲ ကြီးတဲ့အမူ ငယ်အောင်၊ ငယ်တဲ့အမူ လာဘ်ထိုးနိုင်အောင်ဆိုတဲ့ ချာရာဏသီရဲ့ မူဝါဒဟာ အရမ်းအောင်မြင်နေတာကို တွေ့ရတယ်။ အခုလိုဖြစ်ပွားရခြင်း Regulator တွေ အားနည်းနေခြင်းတွေက လူတွေကြောင့်ဆိုတာထက် မတိကျတဲ့ မူဝါဒတွေ၊ စနစ်တွေ၊ ပတ်ဝန်းကျင်တွေက အဓိကဖြစ်ပါတယ်။ အမြစ်တွယ်ခဲ့တဲ့ အခြေအနေတွေကို ပြန်လည်ပြင်ဆင်တည့်မတ်ဖို့ အချိန်တန်ပါပြီ။
ချာရာဏသီမှသည်....Regulator များအား ပိုမိုလွတ်လပ်စွာ ဆောင်ရွက်စေခြင်း၊ အင်အားတိုးမြှင့်ခြင်း၊ ဆုချီးမြှင့်ခြင်း၊ မရှိသေးသော အသင်းအဖွဲ့များ စနစ်တကျ ဖွဲ့စည်းစေခြင်း၊ ကျင့်ဝတ်များ ချမှတ် အကောင်အထည်ဖေါ်ခြင်း၊ ဥပဒေချိုးဖေါက်နေသူများကို စနစ်တကျ ပြင်းပြင်းထန်ထန်အရေးယူခြင်း။ မဖြစ်ပွားခင် တားဆီးခြင်း။ စားသုံးသူကို ကျယ်ကျယ်ပြန်ပြန့် အသိပညာပေးခြင်း။ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းခြင်းတို့ကို အလျင်အမြန်ဆောင်ရွက်သင့်ပြီး လုပ်ငန်းများ ပိုမိုအောင်မြင်လာအောင် လုပ်ငန်းများ ပိုမိုများပြားလာပြီး ပိုမိုလွယ်ကူအောင် လုပ်ကိုင်နိုင်စွမ်းမြင့်မားအောင် အခြားခုနှစ်ပြည်ထောင်တွေနဲ့ ယှဉ်ပြိုင်နိုင်အောင် စားသုံးသူတွေအခွင့်အရေးပိုရလာအောင် ကြီးကြပ်ထိန်းချုပ်ခြင်း (Control) ထက် လုပ်ငန်းများပိုမိုချောမွေ့အောင် (Facilitate) လုပ်မှသာ ချာရာဏသီမှသည် ...
No comments:
Post a Comment