အရည်အသွေး
ပညာရေးအရည်အသွေးကို အဓိပ္ပါယ် ဖွင့်ဆိုရှင်းပြရတာဟာ အခက်အခဲဆုံးတွေထဲက တစ်ခုဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ပညာရေး အရည်အသွေးနဲ့ ပတ်သတ်လို့ ပြောကြ ဆိုကြတဲ့အခါမှာ ငြင်းစရာ ခုန်စရာတွေ ပါလာတက်ကြပါတယ်။ ငြင်းခုန်၊ ဆွေးနွေးခြင်းနဲ့ ရန်ဖြစ်ခြင်းဟာ ပြဒါးတလမ်း၊ သံတလမ်းပဲဖြစ်တယ်လို့ ခံယူထားပါတယ်။ သမိုင်းပါမောက္ခဆရာကြီး ဒေါက်တာသန်းထွန်းက ပုဂံသမိုင်းအကြောင်း ဆွေးနွေးရင် ဒုတ်၊ ဒါးထမ်းပြီး မငြင်းကြနဲ့၊ တူးဖေါ်စရာ ပေါက်ပြား၊ ဂေါ်ပြားတွေနဲ့ တူးဆွပြီးမှ ငြင်းပါ ဆွေးနွေးပါလို့ ပြောခဲ့ဖူးပါတယ်။ မနာလိုလို့ ချောက်တွန်းချင်လို့ ပုဂ္ဂိုလ်ရေးပေါ် အခြေခံ တိုက်ခိုက်တယ် ဆိုတာတွေက သိမ်ဖျင်း ညံ့ဖျင်းလွန်းရာ သဘောထား သေးသိမ်လွန်းရာ ကြပါတယ်။ ဒါကြောင့်ပညာရေးအကြောင်းပြောကြ ဆိုကြတဲ့အခါမှာလည်း ဒေါက်တာသန်းထွန်းရဲ့ နည်းကို ယူရမယ်ထင်ပါတယ်။ ပညာရေးဟာ ပေါ်ပင်ဟန်ပြ ပြီးစလွယ် ဆူလွယ်နပ်လွယ်အလုပ် မဟုတ်ပါဘူး။ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် အကျိုး၊ ကျောင်းတစ်ကျောင်း အကျိုး၊ ကုမ္ပဏီတစ်ခု အကျိုး၊ အမှတ်တံဆိပ်တစ်ခု အကျိုးအတွက် ဆွေးနွေးငြင်းခုန်တာထက် နိုင်ငံသားအားလုံး အကျိုးအတွက် တမျိုးသားလုံးနဲ့ဆိုင်တဲ့ အကျိုးအတွက်လို့ စဉ်းစားပြီး ဆောင်ရွက်သင့်ပါတယ်။ မျက်တောင်မွှေးတဆုံးမကြည့်ဘဲ မျက်စိတဆုံးတောင်မဟုတ်ဘဲ ဖြစ်နိုင်သမျှ ဝေးဝေး ရေရှည်နဲ့ အများအကျိုးအတွက် ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ ပညာရေးနဲ့ ပတ်သတ်တဲ့ အရည်အသွေးကို ငြင်းကြခုန်ကြတာဟာ ဘယ်တော့မှ ရပ်တန့်သွားမှာမဟုတ်ဘူးလို့ ထင်ပါတယ်။ ခေတ်ကာလ ပြောင်းလဲတိုးတက်ဖြစ်ပေါ်မှုများနဲ့အတူ စီးမျော အသက်ဝင်ပြီး ဆက်လက်ဆွေးနွေးနေကြအုံးမှာ ဖြစ်ပါတယ်။ ကျနော်အနေနဲ့ ယခင်က ပညာရေးနဲ့ ပတ်သတ်လို့ ကျယ်ကျယ်လောင်လောင် မဆွေးနွေးခဲ့ပါဘူး။ မထူးဇာတ် ခင်းနေတယ်ထင်မိလို့ပါ။ အခုမှ ဝင်ရာက်ဆွေးနွေးရခြင်းဟာလည်း ပြောင်းလဲချိန်တန်ပြီ။ ပြောင်းလဲနေပြီ။ ပြောင်းလဲသင့်ပြီ ထင်လို့ပဲဖြစ်ပါတယ်။ ဆွေးနွေးပွဲကြောင့် တစ်ယောက်နဲ့ တစ်ယောက် တစ်ဦးနဲ့ တစ်ဦး ရန်ဖြစ်ပြီး မခေါ်မပြောဖြစ်ရအောင်လည်း သေးသိမ်စရာမလိုပါဘူး။ ကောင်းတာတွေက မကောင်းတာတွေကို အတုခိုးစရာလည်းမလိုပါဘူး။ မနာလိုစရာ မရှိပါဘူး။ ကောင်းတာကိုသာ မကောင်းတာတွေက မနာလိုရမှာ။ အတုခိုးလိုက်လံ ဆောင်ရွက်ရမှာပါ။ တခြားသူတွေလည်း ဆွေးနွေး ငြင်းခုန်ပြီး ပိုမိုကောင်းမွန်တဲ့ ပညာရေး စနစ်ဖြစ်ပေါ်လာဖို့အတွက် အဓိကထား စဉ်းစားဆွေးနွေးသွားကြရမှာဖြစ်ပါတယ်။
အရည်အသွေးအစ မြတ်ဗုဒ္ဓက
တကယ်တော့ အရည်အသွေးကို အစပြုပေးသူဟာ စီမံခန့်ခွဲရေး စာအုပ်တွေမှာတော့ တစ်ထောင့်ကိုးရာနှစ်များမှာမှ မွေးဖွားခဲ့ကြတဲ့ အမေရိကန်နိုင်ငံသားများဖြစ်ကြတဲ့ W. Edwards Deming နဲ့ Joseph Juran တို့ကြောင့်ခေတ်စားလာခဲ့တယ်ဆိုရင် မမှားပါဘူး။ ကျနော့အနေနဲ့ တရားဂုဏ်တော်တွေမှာပါတဲ့ ဖတ်ဖူးတဲ့ အာဒိကလျာဏံ၊ မစ္ဆေကလျာဏံ၊ ပရိရောသလျကလျာဏံလို့ ဟောပြထားတဲ့ တရားတော်တွေက အရည်အသွေးဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ တနည်း အမေရိကန်ပရော်ဖက်ဆာတွေထက် နှစ်နှစ်ထောင်လေးရာလောက်စောပြီး ပောာညွှန်ပြသ ဆိုဆုံးမခဲ့တယ်လို့ ခံစားရပါတယ်။ အစ၏ ကောင်းခြင်း၊ အလယ်၏ကောင်းခြင်း၊ အဆုံး၏ ကောင်းခြင်းတွေနဲ့ ပြည့်စုံနေတဲ့ မြတ်ဗုဒ္ဓရဲ့ ဘယ်တရားတော်ကမှ မယုတ်မာဘူး။ သူတပါး မကောင်းကြောင်းမပါဘူး။ ဒီလို စ၊ လယ်၊ ဆုံးလို့ ဟောညွှန်ပြသ ဆိုဆုံးမခဲ့လို့ အရည်အသွေးအစ မြတ်ဗုဒ္ဓကလို့ ဂုဏ်ယူဝင့်ကြွားချင်ပါတယ်။ ဒီလိုပဲ လုပ်ငန်းတစ်ခုရဲ့ အရည်အသွေးဆိုတာလည်း စ၊ လယ်၊ ဆုံး သုံးပါးလုံးကောင်းမှ အရည်အသွေးဖြစ်တာပါ။ ပညာရေးမှာလည်း ဒီလိုပါပဲ။ (ဆက်ရန်) Quality Assurance and Exam
အစကောင်းမှ အနှောင်းသေချာ
ပညာရေးမှာ စည်းကြပ်မှု့မရှိရင် ဈေးကွက်ထဲကို အကုန်အစုံ ဝင်လာနိုင်ပါတယ်။ ပြတင်းတံခါးဖွင့်ထားသလိုပဲ အကောင်းတွေရော အဆိုးတွေပါ ရောနှော ဝင်ရာက်နေရာယူလာကြမှာဖြစ်ပါတယ်။ စနစ်တကျကြီးကြပ်မှသာလျင် ကောင်းမွန်တဲ့ ၀န်ဆောင်မှု့တွေ ကျန်ရစ်ပြီး ကောင်းတာတွေ လက်ဆင့်ကမ်းနိုင်မှာ ဖြစ်ပါတယ်။ ငါ့ကျောင်းဆို ကောင်းတယ်။ သူများကျောင်း မကောင်းဘူး။ ငါကျောင်းတော့ အောင်မြင်စေ။ တခြားကျောင်း ကျဆုံးစေမဟုတ်ပါဘူး။ ကောင်းမွန်တဲ့ ပညာရေးကို ရေရှည်တည်တံ့နိုင်ရေးအတွက် လုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံပြုပြင်ပြောင်းလဲလာတာနဲ့ အမျှ ပညာရေးဈေးကွက်လည်း ကျယ်ပြန့်လာမှာဖြစ်ပါတယ်။ ရန်ကုန်တွင်မဟုတ်ပဲ တနိုင်ငံလုံးအနှုံ ဈေးကွက်ကြီးဖြစ်လာမှာပါ။ ဒါ့ကြောင့် ပြည်တွင်းကျောင်းတွေ အနေနဲ့ ကိုယ်ပိုင် ဒီပလိုမာတွေ ပေးဖို့ ကြိုးစားလာနိုင်သလို ဈေးကွက်အမြင်ရှိသူတွေကလည်း ပြည်ပက ပဲကြီးလှော် ဒီပလိုမာတွေကို ကြော်ငြာအားကောင်းကောင်းနဲ့ တိုးဝင်လာကြမှာဖြစ်ပါတယ်။ ဒါကြောင့် ကနဦးစိစစ်ကြပ်မတ်တဲ့ အဖွဲ့အစည်း ဖွဲ့စည်းဆောင်ရွက်သင့်ပါတယ်။ မရှိခင် စပ်ကြားဘယ်လို ထိန်းချုပ်ထားရင် ကောင်းမလဲဆိုတာကိုလည်း စဉ်းစားကြရမှာဖြစ်ပါတယ်။ ဒါမှသာ ကျောင်းသားများရော သက်ဆိုင်သူများပါ အကျိုးအမြတ် အသီးအပွင့်တွေ ခံစား စံစားရမှာ ဖြစ်ပါတယ်။ အစကောင်းမှ အနှောင်းသေချာဖို့ ကနဦးစိစစ်ပေးမဲ့ အဖွဲ့အစည်း ဖွဲ့စည်း ကြပ်မတ်ဖို့လိုပါတယ်။ Never disadvantaged learners ကို မဆောင်ရွက်နိုင်ပဲ Always disadvantaged learners ဖြစ်သွားနိုင်ပါတယ်။
စားသုံးသူအမြဲမှန်နှင့် ကျောင်းသားဗဟိုပြုစနစ်
စီးပွားရေးသမားများ အတွက်တော့ အရည်အသွေးကို အဆုံးအဖြတ်ပေးတဲ့သူဟာ စားသုံးသူပဲ ဖြစ်တယ်။ စားသုံးသူကျေနပ်လေ အမြတ်များများကျန်လေ လုပ်ငန်းအောင်မြင်တယ်လို့ တညီတညွတ်တည်း လက်ခံကျင်းသုံးနေကြပါတယ်။ စားသုံးသူ အမြဲမှန်တယ်ဆိုတဲ့ ဆောင်ပုဒ်ကလည်း အလွန်ပင် ခေတ်စားလှပါတယ်။ ဒါပေမဲ့ အရည်အသွေးဟာ( Stakeholder အပေါ်) ကြည့်တဲ့သူပေါ် မူတည်ပြီး ပြောင်းလဲနေမှာဖြစ်ပါတယ်။ (Beauty is in the eye of the beholder) အလှအပဆိုတာ ခံစားကြည့်ရှုသူအပေါ်မူတည်ပါသည်ဆိုတဲ့ စကားပုံလေးလဲ ရှိပါတယ်။ ဒါကြောင့် ပညာရေးနဲ့ စီးပွားရေးတွဲ စဉ်းစားမိတဲ့အခါ စဉ်းစားစရာတွေ ဆက်တိုက်ပေါ်လာပါတယ်။ မုန့်ဟင်းခါးကို ကိုယ်ကြိုက်သလို စားနိုင်ပါတယ်။ အစပ်ကြိုက်ရင် ငရုတ်သီးများများထည့်၊ အချဉ်ကြိုက်ရင် သံပုရာသီးများများ ညှစ်ထည့်။ အရည်ရွှမ်းရွှမ်းဆို ဟင်းရည် များများတောင်း စားသုံးသူ စိတ်ကြိုက်ပြုပြင်ဆောင်ရွက်တာပါ။ ပညာရေးကို စီးပွားရေးလို တွက်ချေကိုက်အောင် စားသုံးသူ ဗဟိုပြုဆိုပြီး ဈေးကြီးကြီးတောင်း ကျောင်းသားတောင်းဆိုသမျှ ကျောင်းသား မျက်နှာမညိုရအောင် ဖြည့်စည်းပေးနေတာတွေလည်း တွေ့နေရနိုင်ပါတယ်။ ဒါကြောင့် ကျောင်းသား အကြိုက်အကုန် လိုက်လျောမယ်လို့ အဓိပ္ပါယ်ဖွင့်ဆို အကောင်အထည်ဖေါ်ရင် အဆင့်မြင့်ပညာသင်ကြားရာ ကျောင်းမဟုတ်တော့ပဲ နေ့ကလေးထိန်းသာသာ မူကြို ဖြစ်သွားပါ့မယ်။ ပညာရေးမှာ စားသုံးသူဗဟိုပြုဆိုတာ ကျောင်းသားအလိုကျ လိုက်လံဆောင်ရွက်နေတာထက် စားသုံးသူဖြစ်တဲ့ ကျောင်းသားနဲ့ ကိုက်ညီအောင် ကြိုးစားလေ့ကျင့် သင်ကြားပြသပေးခြင်းကို ဆိုလိုရင်းဖြစ်တယ်လို့ ထင်မြင်ယူဆပါတယ်။ Student Centric ကျောင်းသားဗဟိုပြု စာသင်ခြင်းဆိုတာ Classical တွေ ရှေးရှေးက အကြောင်းအရာတွေ (Withering High) ကို သင်ကြားနေမဲ့အစား သူတို့နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ လက်တလောဖြစ်ပျက်နေတဲ့ (Herry Porter) ကကာရိုက်တာတွေ ဇာတ်ထုတ်တွေနဲ့သင်ကွလို့ ပြောဆိုခဲ့ ဆရာ့သမားစကားကိုလည်း မှတ်မိနေပါသေးတယ်။ လူတိုင်း အင်္ဂလိပ်စာသင်တန်းအပ်ရင် ကိုယ်ကသာ ဘာမှမဟုတ်တာ အင်တာမီဒီရိတ်က မဆင်းချင်ဘူး။ ကျနော့ဆရာကတော့ Placement Test (သို့) ၀င်ခွင့်စာမေးပွဲ၊ Interview (သို့) လူတွေ့စစ်ဆေးပြီးတော့ အတန်းခွဲပေးပါတယ်။ ဒါဆိုရင် ကျောင်းသားဗဟိုပြုဆိုတာ ဘာလဲလို့ သိရှိနိုင်ပါတယ်။ ကျောင်းသားဗဟိုပြု စနစ်စစ်စစ်နဲ့ စားသုံးသူအခြေပြုတို့ ကွာခြားချက်ကို လေ့လာနိုင်ပါတယ်။ ကားတိုင်းဟာ အနက်ရောင်ပဲရမယ်လို့ဆိုခဲ့တဲ့ ဟန်နရီဖို့ဒ်လို ထုတ်လုပ်သူ စိတ်တိုင်းကျတိုင်း ထုတ်လုပ်သူ ကျေနပ်တိုင်း အရည်အသွေးလို့ သတ်မှတ်လို့မရပါဘူး။ ပညာရေးဟာ သိမ်မွေ့ခက်ခဲပါတယ်။ ဒါ့ကြောင့် အရည်အသွေးကို အဆုံးအဖြတ်ပေးသူသည် ကျောင်းသားလည်း မဟုတ်၊ သင်ကြားပေးသူ ဆရာလည်းမဟုတ်ရပါဘူး။ တိကျတဲ့ စည်းမျည်းစည်းကမ်းများအတိုင်း တိကျစွာ ဆောင်ရွက်မဲ့ ပညာရှင်အဖွဲ့အစည်းဖြစ်ရပါမယ်။ တာဝန်ခံမဲ့အဖွဲ့အစည်းဖြစ်ရပါမယ်။ တကျောင်း၊ တဂါထာ၊ တရွာ၊ တပုဒ်ဆန်းလို့ မရပါဘူး။ (Accreditation Body and Quality Assurance Body) လိုအပ်ပါတယ်။
အလုပ်လုပ်ကြတယ်။
တခါက အစိုးရသတင်းစာတစ်ဆောင်မှာ ဖတ်မိလိုက်ပါတယ်။ မလေးရှားမှာ မြန်မာတိုင်းရင်းဆေး ရောင်းတဲ့ဆိုင်ကို မလေးရဲတွေ ၀င်ဖမ်းတယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ မလေးမှာ မြန်မာတွေများလာတော့ မြန်မာတိုင်းရင်းဆေးတွေကို တောင့်တကြမှာ အမှန်ပဲဖြစ်ပါတယ်။ စားသုံးသူရှိတယ်။ ဈေးကွက်ရှိတယ်။ ဒါကြောင့်တင်ရောင်းတယ်။ ဘာကြောင့်ဝင်ဖမ်းရတာလဲ တကယ်တော့ စားသုံးသူရယ် ဆေးနဲ့ အစပ်အဟပ်တည့်နေတာပဲလေ။ ဒီဆေးကြောင့်တစ်ခုခု ဘေးထွက်ဆိုးကြိုးဖြစ်ခဲ့ရင်လည်း တိုင်တန်းကြတာမှ မဟုတ်တာ။ ကျနော်တို့ လူမျိုးက ကိုယ်ဖြစ်ကိုယ်ခံတာပဲလေ။ မလေးနိုင်ငံသားတွေ အတွက်ရည်ရွယ်ပြီး ရောင်းချတာလဲ မဟုတ်ရပါလို့ ရဲလေးဆိုတဲ့ မဟုတ်ရပါဘူးဗျာ သီချင်းကို ဆိုချင် ပြန်ပြောချင်ပေမဲ့ မလေးရှားနိုင်ငံရဲ့ ဆေးဝါးနဲ့ အစားအသောက်ဌာနက အသိအမှတ်ပြုထားတဲ့ လက်မှတ်မရလေတော့ အသိမ်းခံလိုက်ရပါတယ်။ ဒါဏ်ရိုက်ခံရ အရေးယူခံရမှာ သေချာပါတယ်။ သူတို့ဆီက အဖွဲ့တွေ အလုပ်လုပ်လို့ပါ။
အလုပ်မလုပ်ကြရင်
ဒါနဲ့ ဆက်စပ်လို့ ဆက်လက်စဉ်းစားစရာက ပြည်တွင်းမှာလည်း လမ်းဘေးကွမ်းရာဆိုင်ကအစ စပ်ဆေးတွေက တွင်ကျယ်စွာ ရောင်းချနေကြတာပါပဲ။ OTC (over the counter) လို့ခေါ်တဲ့ တရားဝင်ရောင်းချခွင့်ရတဲ့ ဆေးတွေကို အလွယ်တကူရောင်းချနေကြတာ အကြောင်းမဟုတ်ပေမဲ့ Prescription Only (ဆရာဝန်ဆေးညွှန်းပါမှ) ရောင်းချရတာတွေကို အညွှန်းစာမပါဘဲ လွယ်လွယ်နဲ့ရနေနေရင်တော့ စိုးရိမ်ဖို့ကောင်းတယ်။ ပြီးတော့ ဆေးတွေကို သဘောကျ ငါးရာဆိုရင် တစ်ထောင်ကို တဝက်ချိုးပေးတာတို့၊ ဟိုဟာနဲ့ ဒီဟာတွဲလို့ဆိုတဲ့ စပ်ဆေးတွေလည်းရှိနေပါတယ်။ ဘယ်သူတွေ စပ်ဆေးတွေကို အလွယ်တကူ ယုံကြည်အားထားပြီ သောက်နေကြလဲ။ မေးစရာမလိုတော့ပါဘူး။ ကိုယ်သာဆိုရင်ကော တွေ့ကရာဆေး ရောင်းသမျှဆေးကို သောက်မလားဆိုရင် အနည်းဆုံးတော့ ဆရာဝန်ဖြစ်ဖြစ် ဆေးဆိုင်ကဖြစ်ဖြစ် ညွှန်းဆိုတဲ့ဆေးကို သက်တမ်းလွန်၊ မလွန် အရင်စိစစ်ကြည့်မိမှာပါ။ ကျနော် အရင်ကဆိုရင်တော့ ဘာလာလာ ဒေါင်းပါတယ်။ ရက်လွန်တယ်ဆိုတာလည်း မရှိပါဘူး။ အခုဆိုရင် ကျနော် စာနည်းနည်းတက်လာပြီလို့ ပြောစရာရှိပါတယ်။ ဘာမှန်းညာမှန်းမသိရင်တောင် ရက်လွန်နေတဲ့ဆေးကိုတော့ ပြန်လဲခိုင်းမှာပါ။ စပ်ဆေးတွေကို ရောင်းနေတဲ့သူတွေကိုရော၊ စပ်ဆေးစားသုံးသူတွေကိုပါ တပွဲတိုးဆေးတွေအတွက် ကျနော်တို့ အသိပညာကျယ်ကျယ်ပြန့်ပြန့်ပေးဖို့ လိုအပ်နေပါသေးတယ်။ ဆေးပတ်လည်အောင် သောက်ဖို့အတွက် ပြည်တွင်းအန်ဂျီအိုတစ်ခုရဲ့ ကြော်ငြာကိုလည်း ကြည့်မိလိုက်ပါသေးတယ်။ ဆေးဝယ်ရင် ရောင်းချရင် ဆေးဟာ အစားအစာနဲ့ ဆေးဝါးကြပ်မတ်ရေးအဖွဲ့ရဲ့ထောက်ခံချက် လက်မှတ်ရှိ၊ မရှိကို စိစစ်မိဖို့လိုသလားဆိုတဲ့ မေးခွန်းက စားသုံးသူရော၊ ရောင်းချသူပါ သိထားသင့် လိုက်နာသင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်တွင်းတိုင်ရင်းဆေးများလည်း အက်ဖဒီအေရဲ့ အသိအမှတ်ပြုမှုတွေ တွေ့လာရတာဟာ တိုးတက်မှု့လို့ပြောရမှာပါ။ ပြည်တွင်းထုတ် ဒီပလိုမာတွေကိုလည်း စိစစ်အသိအမှတ်ပြု မြေတောင်မြှောက်ပေးဖို့ အကောင်းဆုံးအချိန် ရောက်နေပါပြီ။ Quality Assurance နဲ့ Accreditation Body ကို အဖွဲ့အစည်းဖို့လိုပါတယ်။ တကယ်လို့ ပညာရေးလောကမှာ အက်ဖဒီအေလို အဖွဲ့အစည်း မရှိခဲ့ရင် စားသုံးသူတွေ ဘယ်လိုရွေးကြမလဲဆိုတဲ့ မေးခွန်းကို ပညာရေးလောကသားတွေအနေနဲ့ ၀ိုင်းဝန်းအဖြေရှာရမှာဖြစ်ပါတယ်။ (မြန်မာ့အလင်းဆောင်းပါး စနေနေ့)
ငါတို့တော့မစားဘူး၊ ဆောရီး။ မင်းတော့ စားချင်စားကွာ။
ရှင်းပါတယ်။ မူရင်းနိုင်ငံရဲ့ အက်ဖဒီအေ အသိအမှတ်ပြုရှိလား။ လက်ရှိရော အသိအမှတ်ပြုထားတုန်းပဲလားဆိုတဲ့ မေးခွန်းတွေက အကောင်းဆုံးအဖြေရဖို့ လမ်းစပါပဲ။ ထွက်ရှိရာ ထုတ်လုပ်ရာဒေသရဲ့ စိစစ်ကြပ်မတ်တဲ့ အဖွဲ့အစည်း အက်ဖဒီအေကတောင် ဆက်လက်အသိအမှတ်မပြုတာကို ရောင်းချသူတစ်ဦးအနေနဲ့ ပရော်ဖက်ရှင်နယ်တစ်ဦးအနေနဲ့ ကျောင်းအုပ်တစ်ဦးအနေနဲ့ ဒီပစ္စည်းကို ဝန်ဆောင်မှု့ကို မရပ်နိုင်ဘဲ စဉ်းစားသင့်ပါသေးတယ်ဆိုတာ ကောင်းနိုင်ပါသေးတယ်ဆိုတာတွေကို ကြားရတော့ အံအားမသင့်ဘဲ မနေနိုင်တော့ပါဘူး။ ဆေးဝါးကျွမ်းကျင်သူတစ်ဦးကို အခြားသူတစ်ယောက် ဖေါ်စပ်ထားတဲ့ဆေးအကြောင်းမေးကြည့်တော့ ငါနဲ့ ငါအိမ်သားတွေကတော့ မသောက်ကြဘူးကွာ။ မင်းတို့အတွက် ကောင်းရင် ကောင်းမှာပါ သောက်ကြည့်နိုင်ပါတယ်ဆိုတဲ့ စေတနာကို တန်ဖိုးထား လေးစား အံသြဂုဏ်ယူမဆုံးပါဘူး။ ငါတို့နိုင်ငံမှာတော့ စည်းကြပ်ထားခြင်းမရှိတဲ့ ဒီလို ဒီဂရီ၊ ဘွဲ့တွေ၊ ဒီပလိုမာတွေဟာ အာမခံချက်မရှိဘူး။ ဒါပေမဲ့ ဒါကို အရည်အသွေးမရှိဘူးလို့ မပြောနိုင်ဘူး။ ဥပဒေနဲ့ မညီဘူးလို့ မပြောနိုင်ပါဘူး။ ကောင်းချင်ကောင်းမှာပါဆိုတဲ့ မှတ်ချက်တွေကိုလည်း ဂုဏ်ပြုမှတ်တမ်းတင်ပါတယ်။ တဖက်သားရဲ့ ဆင်ဝှေ့ရန်ရှောင် စကားတွေကို တဖက်ပိတ် ယုံနေရ၊ ကြားနေရတာဟာ ပြည်တွင်းမှာ ကနဦးစိစစ်တဲ့အဖွဲ့မရှိလို့ဖြစ်ရတာပါ။
အမဲတွေက အဖြူတွေကို လိုက်ပို့ရတဲ့ ဘဝ
ဒါကြောင့် အစားအသောက်နဲ့ ဆေးဝါးတွေမဖြန့်ဖြူးခင် ရှေးဦးစိစစ်ဖို့အတွက် အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ကွပ်ကဲမှု့ အဖွဲ့အစည်း လိုအပ်သလို ပညာရေးလောကမှာလည်း ဈေးကွက်မတင်သေးခင် အရည်အသွေး စိစစ်ရေးအဖွဲ့တွေ ဖွဲ့စည်းနိုင်ဖို့ အလုပ်လုပ်နိုင်ဖို့ အရေးတကြီးလိုအပ်ပါတယ်။ ဆံပင်ဖြူရှာနှုတ်ရတဲ့အချိန် ဆံပင်ဖြူတွေနှုတ်ပါ။ ကြာမှဆိုရင် ဆေးဆိုးရတဲ့အဆင့်ရောက်သွားပါမယ်။ မနိုင်ရင် အဖြူတွေများနေတဲ့အခါ အဖြူမနုတ်တော့ပဲ အနက်ပြန်ရှာပြီး နှုတ်နေရပါမယ်။ ကင်ဆာလိုပါပဲ ရောဂါက ပြန့်နှံ့လွယ်တယ်။ မကောင်းတာက ကူးဆက်လွယ်တယ်။ လက်လွတ်စံပယ် လွှတ်ထားပေးတဲ့အခါ အချိန်ကကုစားမှာ မဟုတ်ဘဲ ဆိုးရွားသွားစေမှာပါ။ တစ်တိုင်းတပြည်လုံး ကူးစက်ခံသွားရမှာ ဖြစ်ပါတယ်။ အချိန်က အဆိုးဆုံးတရားသူကြီးဖြစ်သွားပါ့မယ်။ အမြန်ဆုံးဖွဲ့စည်းဖို့လိုပါတယ်။
Ethics and CSR
ပြည်တွင်းမှာ ဆေးဝါးတွေကို ကိုယ်စားလှယ်ယူ ဖြန့်ချီမဲ့သူတွေက ဘာတွေကို ဖြန့်ဖြူးဖို့ စဉ်းစားကြမလဲဆိုတဲ့ မေးခွန်းအတွက် စီးပွားရေးသမားတွေအဖြေက ခပ်ရှင်းရှင်းပါ။ အမြတ်များများကျန်မဲ့ ဈေးကွက်ရှိမဲ့ ဆေးတွေကို ကြိုးစားရယူကြမှာဖြစ်ပါတယ်။ ဒီနေရာမှာ Ethics ကျင့်ဝတ်နဲ့ CSR လုပ်ငန်းအနေနဲ့ ပတ်ဝန်းကျင်အပေါ် တာဝန်သိခြင်းဆိုတဲ့ တခြားစီဖြစ်ပါတယ်။ အမြတ်အစွန်း အတွက်မဟုတ်တဲ့ လူမူ့အဖွဲ့အစည်းတစ်ခုက ပြည်ပက စမ်းသပ်ဆဲ ဆေးဝါးတွေကို ပြည်တွင်းလူနာတွေကို အခမဲ့ တိုက်ကျွေးစမ်းသပ်တာကို ဘယ်လိုမြင်ပါသလဲ။ ဒီအတွက်ဂရန့် ထောက်ပံကြေးယူ ဆောင်ရွက်ပေးနေတဲ့ သူတွေကို ဘယ်လိုမြင်ပါသလဲ။ စေတနာကို မြင်အောင်ကြည့်ပါလို့ ပြောပြရမလား။ ဘာလားပဲ။ စီးပွားရေးသမားတဦးဆိုရင်ကော အမြတ်များပြီး ဈေးကွက်တောင်းဆိုနေတဲ့ ဆေးကို စမ်းသပ်ဆဲကာလဖြစ်တဲ့အတွက် တဖက်နိုင်ငံက အက်ဖဒီအေ အသိအမှတ်မပြုသေးတဲ့ ဆေးတွေကို ဖြန့်ဖြူးရောင်းချနိုင်ရမဲ့ အခွင့်အရေးရခဲ့ရင် သင်ဖြန့်ဖြူးရေး လုပ်မှာလား။ ဈေးကွက်လည်းရှိတယ်။ မြတ်ဖို့လည်း သေချာတယ်။ ဒီအလုပ်ကို လက်ခံပြီး လုပ်မယ်၊ မလုပ်ဖူးဆိုတာက ကျင့်ဝတ်ပါ။ စီးပွားရေးသမား ဟုတ်ဟုတ်၊ မဟုတ်ဟုတ်။ လူမူရေး လုပ်ငန်းလို့ ဘယ်လို အမည်ခံခံ၊ မခံခံ။ မျက်နှာဖုံးတွေနဲ့ပါ။ လုပ်သင့်၊ မသင့်ကို စဉ်းစားတာ။ ဆက်လုပ်သင့်၊ မသင့်ကို စဉ်းစားတာ။ အဲဒါ ကျင့်ဝတ်ပါ။ ဒါကိုသင်ပေးလို့မရပါဘူး။
ဟုတ်ပြီ။ လုပ်ခဲ့ပြီး၊ ဖြန့်ဖြူးခဲ့ပြီး ရလာတဲ့ အကျိုးအမြတ်တွေနဲ့ လှူတယ်။ တန်းတယ်ဆိုတာတွေက စီအက်စအာလုပ်တာပါ။ ပညာရေးမှာ ကျင့်ဝတ်မညီပဲ စီအက်အာလုပ်နေရင် ငတက်ပြားအလှူထက်နိမ့်ကျတယ်လို့ ဆိုချင်ပါတယ်။ ငတက်ပြားက ချမ်းသာတဲ့သူတွေစီက ယူပြီး မရှိတဲ့သူတွေကို ပြန်ဝေတာ။ အခုက ရှိရှိသမျှ ဝေနေယျဆီကယူပြီး တစိတ်တပိုင်းပြန်ကျဲတာပါ။ The Business of business is business စီးပွားရေး လုပ်တယ်ဆိုတာ အမြတ်ရဖို့ပါ။ စီးပွားရေးသမားတွေက ကြီးတော်နွားအလကားမကျောင်းဘူး။ ကျောင်းခဲ့ရင်လည်း အခြေအနေတစ်ခုရှိပါမယ်။ မမြတ်ရင် မလုပ်ပါဘူး။ တချိန်က ဆရာတွေက စီးပွားရေး မဖက်ပါဘူး။ မဆန်ခဲ့ပါဘူး။ အခုအထိ အချို့ဆရာကြီး၊ ဆရာမကြီးတွေဆိုရင်လည်း စေတနာ အရင်းခံနဲ့ သင်ကြားပေးကြပါသေးတယ်။ (ဒီနေရာမှာ ကြုံတွေ့၊ ကြားသိခဲ့တဲ့ ဆရာကြီး၊ ဆရာမကြီးတွေနဲ့ ကျောင်းက ဆရာ၊ ဆရာမတွေကို လက်အုပ်ချီ ရှိခိုးမိပါတယ်။ အာစရိယ ဂုဏော အနန္တောပါ။) ပညာရေးကို စီးပွားရေးဆန်ခဲ့ရင် ပတ်ဝန်းကျင် သိတက်ဖို့ တာဝန်ယူတက်ဖို့ထက် ကျင့်ဝတ်ညီဖို့ ပိုပြီးလိုမယ်လို့ ထင်မြင်မိပါတယ်။ လုပ်ငန်းအနေနဲ့ ပတ်ဝန်းကျင်အပေါ်တာဝန်သိတက်ရုံနဲ့ မလုံလောက်ပါဘူး။ ဒါကြောင့် ကနဦးစိစစ်တဲ့ အဖွဲ့လိုအပ်ပါတယ်။ လူကြီးမင်းတို့ရဲ့ စေတနာနဲ့ စီအက်စအာကိုလည်း အသိအမှတ်ပြုပါတယ်။ ကျေးဇူးပါ။
တပည့်မရှား တပြားမရှိ။ ပီတိကို မင်းလည်း စားကြည့်။
ဈေးကွက်စီးပွားရေးစနစ်ကြီးမှာ အပြိုင်အဆိုင်ကာလမှာ စေတနာထားတဲ့ ဆရာတွေပဲ တခန်းရပ် ပြဇာတ်ကပြကြတာပါ။ နေဝင်မီးငြိမ်းသွားကြတာပါ။ မင်းသားကသာ ဝါသနာအရ အနုပညာသမားပီပီ အရှုံးခံ ဇာတ်ကချင်ပေမဲ့ အဖွဲ့သားတွေကတော့ ရေရှည်ဖြစ်မယ် မထင်ပါဘူး။ အေးကွာ ပီတိကို ငါကတော့ကြိုက်တယ်။ မင်းတို့လည်း စားကြည့်အုံး။ ငါ့အိမ်က မိသားစုတွေကတော့ တယ် မကြိုက်ကြဘူးကွ ဖြစ်လာနိုင်ပါတယ်။ နောက်ဆုံးတော့ ဘုရားကို ညတွင်းခြင်းတည်ပြီး ကံရာဇာငယ်ပဲ မင်းဖြစ်သွားတာပါ။ စီးပွားရေးသမားပဲ တိုက်ဆောက်ပြီး လုပ်ငန်းချဲ့သွားတာပါ။ ပီတိကို ရဲရဲဝံ့ဝံ့ စားနိုင်အောင် စားရဲအောင် အားပေးရပါမယ်။ ဇာတ်ပေါင်းသော် ကျနော်တို့ ပညာရေးစနစ်မှာ ပြည်တွင်းနှင့် ပြည်ပ အဆင့်မြင့်ပညာရေး အရည်အသွေးကို စိစစ်အကဲဖြတ်ဖို့ အသိအမှတ်ပြုဖို့ အဖွဲ့ထားရှိ ဖွဲ့စည်းသင့်ပါပြီလို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။
No comments:
Post a Comment