Wednesday, December 18, 2013

Football Lessons

ဘောလုံးက ပေးတဲ့ မျက်ရည် သင်ခန်းစာ ဒီတခါဖြစ်နေတာက ကိုယ်မြေ၊ ကိုယ့်ရေ၊ ကိုယ့်ပရိတ်သတ်။ အိမ်ကွင်း၊ အိမ်ကွင်း။ အိမ်ကွင်းမှာ ပြိုင် နိုင်ရမယ်ပေါ့။ ပရိတ်သတ်အားရှိတယ်ပေါ့။ ဘောလုံးပွဲတွေ ရှူံးသွားတဲ့ အချိန်မှာ လက်ခုတ်သံတွေ ညံမနေခဲ့ဘူး။ ဘင်သံတွေ လွင့်ပျံမလာခဲ့ဘူး။ အောင်ပွဲတွေ ခံမနေခဲ့ဘူး။ မျက်ရည်တွေပဲ ၀ဲလာခဲ့တယ်။ ရင်တွေပဲနင့်လာခဲ့တယ်။ ပြိုင်ပွဲတစ်ခုဆိုတာ၊ ဆီးဂိမ်းတစ်ခုဆိုတာ လမ်းဆုံးတစ်ခု နောက်ဆုံးပြိုင်ပွဲတစ်ခုမဟုတ်ဘူးဆိုတာ သိပေမဲ့ နောက်ထပ်တစ်ပွဲအတွက် ပြင်ဆင်ဖို့မေ့နေခဲ့တယ်။ ပြိုင်ဖက်ရဲ့ အားသာချက်တွေကို လေ့လာရမဲ့အစား။ ကိုယ့်ရဲ့ အားနည်းချက်ကို ဖိဖိနေခဲ့တယ်။ လက်ညှိုးတွေ ပလူပျံနေတယ်။ သားကောင်တွေ တစ်ကောင်ပြီး တကောင်ရှာနေခဲ့တယ်။ နည်းပြတွေ၊ ဒိုင်တွေ တစ်ခုပြီး တစ်ခုနာမည်တွေတပ်နေခဲ့တယ်။ အော်ဟစ်သံတွေ ဘ၀င်္ဂညံနေခဲ့တယ်။ ပြစ်တင်သံတွေ ဝေဖန်သံတွေ မျက်စောင်းတွေ ချောင်းချောင်းပေါ်လာခဲ့တယ်။ ဒေါသလှိုင်းတွေ တလိပ်လိပ်တက်လာခဲ့တယ်။ ဆီးဂိမ်းရောက်မှ အားပေးရမှန်းသိလာတယ်။ နိုင်ရကောင်းမှန်းသိလာတယ်။ ပြိုင်ပွဲရောက်မှ နိုင်ချင်စိတ်တွေ တဖွားဖွားပေါ်လာတယ်။ အမျိုးသားစိတ်တွေ နိုးကြားလာတယ်။ ငါ့တို့အသင်းပဲ နိုင်ရမယ်လို့ဖြစ်လာတယ်။ ပြိုင်ပွဲဆိုတာ ကွင်းထဲရောက်မှ ပြိုင်တာမဟုတ်ဘူး။ ကွင်းထဲမရောက်ခင်ကတည်းက ပြိုင်နေတာ။ စလုံးရေ စကတည်းက ပြိုင်နေတာ။ တစ်ယောက်တည်းပြိုင်နေလို့မရဘူး။ အနိုင်အရှူံးက ပြိုင်ပွဲတိုင်းရှိမှာပါ။ နိုင်လို့လဲ တက်မထောင်နဲ့။ ရှုံးလို့လဲ စိတ်ဓါတ်မကြနဲ့။ ပြိုင်စရာတွေ နိုင်စရာတွေ၊ ရှုံးစရာတွေ တပုံတပင်ကြီးကျန်သေးတယ်။ ဆက်အားပေးကြပါအုံး။ ဆက်ပြင်ဆင်ကြပါအုံး။ အောင်စိတ်တွေ မွေးကြပါအုံး။ ဘောလုံးအသင်းမှ အားကစားမဟုတ်ဘူး။ အမျိုးသားအသင်းမှ မသင်းမဟုတ်ဘူး။ အမျိုးသား အသင်းမရှိမှ အမျိုးသမီးအသင်းမဟုတ်ဘူး။ ထိုင်းအသင်းမှ ပြိုင်ဖက်မဟုတ်ဘူး။ အင်ဒိုအသင်းမှ ပြိုင်ဖက်မဟုတ်ဘူး။ အမျိုးသားအသင်း ဆီးဂိမ်းမှာ ရှူံးမှ ရှူံးတာမဟုတ်ဘူး။ အမျိုးသမီးအသင်း ဆီးမီးမတက်မှ ရှူံးတာမဟုတ်ဘူး။ အခြားအသင်းတွေ ရွှေမရမှ ရှူံးတာမဟုတ်ဘူး။ လေးနှစ်တကြိမ်ရောက်မှ ပြိုင်ကြရမှာ မဟုတ်ဘူး။ မကြာမီ လွတ်လပ်သောအာဆီယံ စီးပွားရေး အသိုက်အ၀န်းစတော့မယ်။ နိုင်ငံတိုင်းနဲ့ ပြိုင်ရတော့မယ်။ ထိုင်းနဲ့ တသင်းချင်းတွေ့မှာ မဟုတ်ဘူး။ အင်ဒိုအသင်းနဲ့ပဲ တသင်းချင်းတွေ့မှာ မဟုတ်ဘူး။ တပြိုင်နက်ထဲ အသင်းပေါင်းစုံနဲ့ ရင်ဆိုင်ရမှာပါ။ မြန်မာလုပ်ငန်းတွေ မြန်မာ့မြေမှာ အောင်မြင်ဖို့လိုပါတယ်။ လုပ်ငန်းရှင်တွေတင် ပြိုင်ဆိုင်ရမှာ မဟုတ်ပါဘူး။ လူတိုင်းဝင်ရောက် ယှဉ်ပြိုင်ရမှာပါ။ ပွင့်လင်းလာတဲ့ ဈေးကွက်စီးပွားရေးနဲ့အတူ လုပ်ငန်းနေရာတွေ၊ ရာထူးတွေအတွက် ယှဉ်ပြိုင်ရမှာပါ။ ရာထူးကြီးကြီးဆိုတာ ကျနော်တို့အတွက်ဖြစ်နေဖို့လိုပါတယ်။ အိမ်ကွင်းမှာ ယှဉ်ပြိုင်ဖို့ နေရာယူဖို့ အားလုံး အဆင်သင့်ပြင်ထားရပါ့မယ်။ ၂၀၁၅ မှာ အာဆီယံ လွတ်လပ်သော ဈေးကွက်အတွက်၊ ပြိုင်ပွဲအတွက် အားလုံး၊ အားလုံးပြင်ဆင်ထားဖို့လိုပါမယ်။ ပြိုင်တယ်ဆိုတာ ကွင်းထဲရောက်မှ ပြိုင်မှာမဟုတ်ပါဘူး။ လူဖြစ်လာကတည်းကပြိုင်တာပါ။ ကြိုတင်ပြင်ဆင်ပါ။ ပြိုင်ဖက်ကို လေ့လာပါ။ အားနည်းချက်ကို ပြင်ဆင်ပါ။ လက်ညှိုးတွေကို လက်သီးအဖြစ်၊ အင်အားအဖြစ်ပြောင်းလဲပါ။ အားကစားသမားစိတ်ဓါတ်အပြည့်နဲ့ပြိုင်ကြပါ။ ဆက်လက်အားပေးကြပါ။ ရှူံးပြီးတဲ့ပွဲတော့ ပြီးပစေတော့။ ကျနော်တို့ လုပ်ငန်းတွေ နိုင်ဖို့လိုသေးတယ်။ ကျနော်တို့ တဦးချင်း ပြိုင်ဆိုင်နိုင်ဖို့လိုသေးတယ်။ သန်းခြောက်ဆယ်ကျမှ မျက်ရည်မဟုတ်ဘူး။ ဘောလုံးပွဲရှူံးမှ ရှူံးမှာ မဟုတ်ဘူး။ အမျိုးသားအသင်း ရှုံးမှ ရှုံးတာ မဟုတ်ဘူး။ အမျိုးသမီးအသင်း ဆီမီးမတက်ရမှရှုံးတာမဟုတ်ဘူး။ ဆီးဂိမ်းရောက်မှ ပြိုင်မှာမဟုတ်ဘူး။ ပြိုင်ပွဲစမှ ပြိုင်တာမဟုတ်ဘူး။ ကွင်းထဲရောက်မှ အားပေးတာမဟုတ်ဘူး။ လက်ညှိုးထိုးမှ နိုင်တာမဟုတ်ဘူး။ ထိုင်းအသင်းမှ ပြိုင်ဖက်မဟုတ်ဘူး။ အင်ဒိုအသင်းမှပြိုင်ဖက်မဟုတ်ဘူး။ လုပ်ငန်းတွေလည်းပြိုင်နေကြတယ်။ တစ်ဦးချင်းလဲ ပြိုင်နေကြတယ်။

No comments:

Post a Comment