Ethics and CSR
ပြည်တွင်းမှာ ဆေးဝါးတွေကို ကိုယ်စားလှယ်ယူ ဖြန့်ချီမဲ့သူတွေက ဘာတွေကို ဖြန့်ဖြူးဖို့ စဉ်းစားကြမလဲဆိုတဲ့ မေးခွန်းအတွက် စီးပွားရေးသမားတွေအဖြေက ခပ်ရှင်းရှင်းပါ။ အမြတ်များများကျန်မဲ့ ဈေးကွက်ရှိမဲ့ ဆေးတွေကို ကြိုးစားရယူကြမှာဖြစ်ပါတယ်။
ဒီနေရာမှာ Ethics ကျင့်ဝတ်နဲ့ CSR လုပ်ငန်းအနေနဲ့ ပတ်ဝန်းကျင်အပေါ် တာဝန်သိခြင်းဆိုတဲ့ တခြားစီဖြစ်ပါတယ်။
အမြတ်အစွန်း အတွက်မဟုတ်တဲ့ လူမူ့အဖွဲ့အစည်းတစ်ခုက ပြည်ပက စမ်းသပ်ဆဲ ဆေးဝါးတွေကို ပြည်တွင်းလူနာတွေကို အခမဲ့ တိုက်ကျွေးစမ်းသပ်တာကို ဘယ်လိုမြင်ပါသလဲ။ ဒီအတွက်ဂရန့် ထောက်ပံကြေးယူ ဆောင်ရွက်ပေးနေတဲ့ သူတွေကို ဘယ်လိုမြင်ပါသလဲ။ စေတနာကို မြင်အောင်ကြည့်ပါလို့ ပြောပြရမလား။ ဘာလားပဲ။ စီးပွားရေးသမားတဦးဆိုရင်ကော အမြတ်များပြီး ဈေးကွက်တောင်းဆိုနေတဲ့ ဆေးကို စမ်းသပ်ဆဲကာလဖြစ်တဲ့အတွက် တဖက်နိုင်ငံက အက်ဖဒီအေ အသိအမှတ်မပြုသေးတဲ့ ဆေးတွေကို ဖြန့်ဖြူးရောင်းချနိုင်ရမဲ့ အခွင့်အရေးရခဲ့ရင် သင်ဖြန့်ဖြူးရေး လုပ်မှာလား။ ဈေးကွက်လည်းရှိတယ်။ မြတ်ဖို့လည်း သေချာတယ်။ ဒီအလုပ်ကို လက်ခံပြီး လုပ်မယ်၊ မလုပ်ဖူးဆိုတာက ကျင့်ဝတ်ပါ။ စီးပွားရေးသမား ဟုတ်ဟုတ်၊ မဟုတ်ဟုတ်။ လူမူရေး လုပ်ငန်းလို့ ဘယ်လို အမည်ခံခံ၊ မခံခံ။ မျက်နှာဖုံးတွေနဲ့ပါ။ လုပ်သင့်၊ မသင့်ကို စဉ်းစားတာ။ ဆက်လုပ်သင့်၊ မသင့်ကို စဉ်းစားတာ။ အဲဒါ ကျင့်ဝတ်ပါ။ ဒါကိုသင်ပေးလို့မရပါဘူး။

ဟုတ်ပြီ။ လုပ်ခဲ့ပြီး၊ ဖြန့်ဖြူးခဲ့ပြီး ရလာတဲ့ အကျိုးအမြတ်တွေနဲ့ လှူတယ်။ တန်းတယ်ဆိုတာတွေက စီအက်စအာလုပ်တာပါ။ ပညာရေးနယ်ပယ်မှာ (ပညာရေးနယ်ပယ်မှာ) ကျင့်ဝတ်မညီပဲ စီအက်အာလုပ်နေရင် ငတက်ပြားအလှူထက်နိမ့်ကျတယ်လို့ ဆိုချင်ပါတယ်။ ငတက်ပြားက ချမ်းသာတဲ့သူတွေစီက ယူပြီး မရှိတဲ့သူတွေကို ပြန်ဝေတာ။ အခုက ရှိရှိသမျှ ဝေနေယျဆီကယူပြီး တစိတ်တပိုင်းပြန်ကျဲတာပါ။ The Business of business is business စီးပွားရေး လုပ်တယ်ဆိုတာ အမြတ်ရဖို့ပါ။ စီးပွားရေးသမားတွေက ကြီးတော်နွားအလကားမကျောင်းဘူး။ ကျောင်းခဲ့ရင်လည်း အခြေအနေတစ်ခုရှိပါမယ်။ မမြတ်ရင် မလုပ်ပါဘူး။ တချိန်က ဆရာတွေက စီးပွားရေး မဖက်ပါဘူး။ မဆန်ခဲ့ပါဘူး။ အခုအထိ အချို့ဆရာကြီး၊ ဆရာမကြီးတွေဆိုရင်လည်း စေတနာ အရင်းခံနဲ့ သင်ကြားပေးကြပါသေးတယ်။ (ဒီနေရာမှာ ကြုံတွေ့၊ ကြားသိခဲ့တဲ့ ဆရာကြီး၊ ဆရာမကြီးတွေနဲ့ ကျောင်းက ဆရာ၊ ဆရာမတွေကို လက်အုပ်ချီ ရှိခိုးမိပါတယ်။ အာစရိယ ဂုဏော အနန္တောပါ။) ပညာရေးကို စီးပွားရေးဆန်ခဲ့ရင် ပတ်ဝန်းကျင် သိတက်ဖို့ တာဝန်ယူတက်ဖို့ထက် ကျင့်ဝတ်ညီဖို့ ပိုပြီးလိုမယ်လို့ ထင်မြင်မိပါတယ်။ လုပ်ငန်းအနေနဲ့ ပတ်ဝန်းကျင်အပေါ်တာဝန်သိတက်ရုံနဲ့ မလုံလောက်ပါဘူး။ ဒါကြောင့် ကနဦးစိစစ်တဲ့ အဖွဲ့လိုအပ်ပါတယ်။ လူကြီးမင်းတို့ရဲ့ စေတနာနဲ့ စီအက်စအာကိုလည်း အသိအမှတ်ပြုပါတယ်။ ကျေးဇူးပါ။
No comments:
Post a Comment